အခန်း (၇၂)
မင်းက တကယ့်ကို... တကယ့်ကို သောက်ရမ်းပါရမီ ရှိတာပဲ
"ဗိုလ်မှူး၊ သိက္ခာရှိတရားသူကြီးကို ငါ့ရဲ့ဓာတ်ခွဲခန်းမှာပဲ အကျယ်ချုပ် ချုပ်ထားနိုင်တယ်ပေါ့"
ဒေါက်တာကျိသည် အချက်အလက် တစ်ပုံတစ်ခေါင်းကြီးအား စားပွဲထက်သို့ တင်လိုက်ကာ လှောင်ရယ်၏။
"ငါ မင်းအတွက် စားစရာယူလာပေးဖို့ လိုလား"
ကနဦး၌ ဒေါက်တာကျိနှင့် သက်ဆိုင်ပါသော ထိုင်ခုံပျော့ပျော့တွင် ထိုင်နေသူသည် ဆရာဝန်ကိုယ်တိုင်မဟုတ်ဘဲ အနက်ရောင်ယူနီဖောင်းနှင့် တရားသူကြီးဖြစ်နေသည်။ သူသည် ဂရုမထားသော အမူအရာနှင့် လက်ပိုက်ထားကာ ခြေချိတ်လျက် ထိုင်နေ၏။ သူ့၏ရင်ဘတ်ထက်ရှိ ငွေတံဆိပ်တစ်ခုသည် ပျောက်ဆုံးနေသော်ငြား ယူနီဖောင်းရှိ ငွေရောင်အချွန်အတက်များသည် အရောင်မပြည့်စုံမှုကို ဖြည့်ဆည်းပေးထားရာ သူ၏အဝတ်အစားနှင့် ပုံပန်းသဏ္ဌာန်သည် စင်းလုံးချောနေဆဲဖြစ်၏။
အလွန်အေးစက်သော မျက်လုံးများသည် ငွေရောင်ဓာတ်ခွဲခန်းအတွင်း ဝေ့ဝဲသွားသည်။
"မင်းက ငါ ဒီမှာနေချင်နေတယ် ထင်လို့လား"
"ငါ့အပေါ်ကောင်းဖို့ မင်းကို အကြံပေးချင်တယ်။ ငါ တောင်းဆိုနေတာ မဟုတ်ဘူးနော်။ ပြီးတော့ ဒါက ကလေးဘဝကတည်းက ငါတို့ခင်မင်မှုရဲ့ တစ်ရာပုံတစ်ပုံဆီကို ပြန်သွားဖို့တောင် လုံလောက်တယ်"
ဆရာဝန်က ထပ်ပြောသည်။
"အခြေအနေကို မင်း နားလည်ရမယ်လေ။ တရားခုံရုံးက သူ့ကိုယ်သူတောင် ကာကွယ်ဖို့ ခက်ခဲနေတာ။ တကယ်လို့ ဒီအခြေစိုက်စခန်းမှာ မင်းရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ ငါတောင် မင်းကို လက်မခံနိုင်တော့ရင် အပြင်မှာရှိတဲ့ လူတွေက မင်းကို ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ဆုတ်ပစ်ကြလိမ့်မယ်။ စည်းရုံးရေးအရှေ့ဗဟိုက တရားသူကြီးအက်ဥပဒေထဲကနေ တရားသူကြီးရဲ့ သတ်ပစ်ဖို့အတွက် အရည်အချင်းပြည့်မီချက်ကို ဖျက်သိမ်းသင့်သလား၊ မသင့်ဘူးလားဆိုတဲ့ ခေါင်းစဉ်နဲ့ အစည်းအဝေးသုံးခု ဆက်တိုက်လုပ်နေတယ်လို့ ငါ ကြားတယ်"