အခန်း (၁၀)
"ဆရာ့ကို ကြောက်တာ"
"မစ္စတာဟတ်ဘတ်ဒ်၊ ကျွန်တော်ပါ။ စကော့ရှောင်"
သူဌေးရှောင်သည် ဟတ်ဘတ်ဒ်အား messageပေးပို့နေစဉ်၊ အန်းကျယ်သည် လူ၏ဦးခေါင်းကို ကိုင်ကာ မျက်ခုံးပြုလုပ်ခြင်းကို လေ့ကျင့်နေ၏။
ဆီလီကွန်ရာဘာနှင့် ပြုလုပ်ထားသော အရေပြားအား အပ်ပူပူဖြင့် အပေါက်ငယ်တစ်ခု ဖောက်လိုက်ကာ လူ့အမွေးအတုဖြစ်သော အမျှင်အား အန်းကျယ် စိုက်လိုက်သည်။ အပူပေးထား၍ အရည်ပျော်နေသော ဆီလီကွန်ရာဘာသည် ပြန်လည်အေးသွားသည်နှင့် ထိုအမွေးသည်လည်း အရုပ်၏အရေပြားထဲတွင် အခိုင်အမာ အမြစ်တွယ်သွား၏။ သူဌေးရှောင်၏ မျက်လုံးများသည် မှုန်နေပြီဖြစ်ရာ ဤကဲ့သို့ အာရုံစိုက်မှုများသော အလုပ်ကို လုပ်ရန်မှာ သူ့အတွက် ခက်ခဲပေသည်။ ဤသည်မှာ လက်ထောက်တစ်ယောက်ရှာရန် အလွန်သောကရောက်နေရသည့် အကြောင်းများမှ တစ်ခုဖြစ်မည်ဟု အန်းကျယ် ယူဆမိသည်။
စကော့ရှောင်သည် ဆက်သွယ်ရေးကိရိယာကို ချထားလိုက်ပြီး ဖန်ပြတင်းထဲမှ အရုပ်ကို ထုတ်ကာ၊ အခန်းအလယ်ရှိ ထိုင်ခုံတွင် ထားလိုက်သည်။ အရုပ်၏ အဆစ်အားလုံးသည် အလွယ်တကူပင် လှည့်နိုင်၏။ သူသည် အရုပ်၏ခြေထောက်များကို ခေါက်လိုက်သည်။ လက်များနှင့် တံတောင်ဆစ်ကို ဆုပ်ကိုင်စေ၏။ နောက်ဆုံးတွင် ဦးခေါင်းကို လှည့်လိုက်ကာ အနည်းငယ်ငိုက်စိုက်ကျနေပုံ ပြုလုပ်လိုက်သည်။ အလင်းရောင်သည် မျက်တောင်များကြားမှ ဖြတ်သန်းဖြာကျနေပြီး၊ အရိပ်ထင်ဟပ်စေ၏။ အရုပ်သည် အမိန့်ပေးနေသည့် ကိုယ်ဟန်နှင့် ထိုင်နေကာ အနည်းငယ် ဝမ်းနည်းနေသကဲ့သို့ပင်။
အန်းကျယ် မော့ကြည့်လိုက်သည်။ မှိန်ပျပျအလင်းရောင်သည် အရုပ်၏မျက်နှာထက်တွင် အမှောင်ရိပ်ထင်စေကာ ဆီလီကွန်ရော်ဘာနှင့် လူ့အရေပြားကြားရှိ တစ်ခုတည်းသော မထင်ရှားသည့်ကွဲပြားချက်သည်ကား ပျောက်ဆုံးသွားတော့၏။ သူသည် တိတ်ဆိတ်နေသော အသက်ရှင်နေသည့်လူသားတစ်ဦးနှင့် လုံးဝတူလှပေသည်။
အလွန်အမင်း တိတ်ဆိတ်နေသည်။ လူတို့သိမြင်ခြင်း၌ မထင်ရှားသည့် ပတ်ဝန်းကျင်ရှိ ဗီရိုများ၊ ပစ္စည်းများနှင့် ပြည့်နေသော ကုန်သေတ္တာများသည်ပင် ဤလေထုထဲတွင် ထူးဆန်းနေကြ၏။