အခန်း (၂၃)
"ကျွန်တော်နဲ့အတူ နေလို့ရတယ်"
"ကျွန်တော်မလုပ်ပါဘူး"
အန်းကျယ် တိုးတိုးပြောလိုက်၏။
သူသည် လုဖုန်းအား အလုပ်မှတ်တမ်းကို ကမ်းပေးလိုက်သည်။ လုဖုန်းသည် မျက်ခုံးပင့်ကာ ယူလိုက်၏။
"အဝတ်တွေရောပဲ"
သူသည် ကုတ်အင်္ကျီကိုချွတ်ကာ လုဖုန်းထံသို့ ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
လုဖုန်းသည် ကုတ်အင်္ကျီအား တံတောင်ဆစ်ကွေးထက် တင်လိုက်ကာ အန်းကျယ်ကို ငုံ့ကြည့်လာ၏။
"ငါ့ကို စောင့်နေဖို့မလိုပါဘူး"
သူကဆိုသည်။
"ဂိတ်ပေါက်မှာ ထားခဲ့ရင်ရပြီ"
အန်းကျယ် မဖြေပေ။ သူနှင့်လုဖုန်းသည် စက္ကန့်အနည်းငယ်မျှ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံကာ ကြည့်နေကြပြီးသည့်နောက် သတိထားစွာ သူ ပြောလိုက်၏။
"ခင်ဗျား... အဆင်ပြေလား"
လုဖုန်းသည် အကြည့်လွှဲလိုက်၏။
"ပြေတယ်"
သူ၏လေသံသည် ပေါ့တန်နေကာ အခုလေးတင်က မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သည့်အလား။
အန်းကျယ် ရေရွတ်လိုက်သည်။
"...ဪ"
သူ ဆက်ပြောလိုက်၏။
"ခင်ဗျား ဘယ်သွားမှာလဲ"
လုဖုန်းသည် သူ့ကို စိုက်ကြည့်။ အန်းကျယ်အား အေးစက်စက် တစ်စုံတစ်ရာကို အမြဲလို သတိရစေသည့် ထိုအစိမ်းရောင်မျက်လုံးတို့သည် မြို့တော်၏ အေးစိမ့်စိမ့်လေညင်းနှင့် ပေါင်းစပ်သွားသည့်အပြင်၊ အခုပင် ကုတ်အင်္ကျီနွေးနွေးကို ချွတ်ထားခဲ့သည်ဟူသော အချက်ကြောင့် သူသည် အနည်းငယ် တွန့်သွား၏။
လုဖုန်းသည် လက်ဆန့်လိုက်ကာ ကုတ်အင်္ကျီအား အန်းကျယ်၏ လက်မောင်းထဲသို့ ပြန်ပစ်ပေးလိုက်သည်။
"ငါ မသိဘူး"
သူကဆို၏။
"အရင်ဆုံး မင်းကို ပြန်ပို့ပေးမယ်"