အခန်း (၄၅)
"မင်း မကြောက်ဘူးလား"
"မှားနေသော်ငြား မှန်ကန်နေဆဲ"
တရားခုံရုံး၏ အလုပ်ရုံးခန်းနှင့် လေ့ကျင့်ရေးဧရိယာတို့ကို ဆက်ထားသော စင်္ကြံ၏ နံရံတစ်ဖက်တွင် "လူ့အကျိုးစီးပွားသည် အခြားသော အရာအားလုံး၏ အထက်တွင် ဖြစ်သည်"ဟု ရေးသားထားကာ အခြားတစ်ဖက်၌ အထက်ပါဝါကျကို ရေးထား၏။
ထိုဝါကျ၏အောက်တွင် ငွေရောင်ဓာတ်ပုံဘောင်တန်းတစ်တန်းရှိသည်။ ပထမဆုံးဓာတ်ပုံဘောင်သည် ကွက်လပ်ဖြစ်၏။ ရှေ့သို့ဆက်သွားပါက ဒုတိယဓာတ်ပုံဘောင်ထဲ၌ အဖြူအမည်း ဓာတ်ပုံတစ်ပုံ ပါရှိကာ တရားသူကြီးယူနီဖောင်းနှင့် အသက်(၃၀)ဝန်းကျင်ရှိ အရာရှိတစ်ဦးကို ပြသထားသည်။ ဘောင်အောက်ဘက်ညနံရံထက်တွင် သူ၏မွေးနေ့နှင့် သေဆုံးသောနေ့အား ကမ္ပည်းထိုးထား၏။ သူသည် အသက်(၃၆)နှစ်ဖြစ်ကာ လွန်ခဲ့သည့်(၇)နှစ်က ကွယ်လွန်ခဲ့သည်။
နောက်ဓာတ်ပုံဘောင်သည်လည်း မွေးနေ့၊သေနေ့ပါသော အဖြူအမည်းဓာတ်ပုံပင်။ အန်းကျယ် အရှေ့သို့ ဆက်သွားလိုက်သည်။ နောက်ဓာတ်ပုံများသည် မွေးဖွားသည့်နှစ်နှင့် သေဆုံးသည့်နှစ်များ ဆင်တူကြပြီး သူတို့သက်တမ်း၏အသက်သည် တဖြည်းဖြည်း ရှေ့သို့တိုးသွား၏။ ထို့ကြောင့် ဤသည်မှာ ယခင်တရားသူကြီးများ၏ ဓာတ်ပုံများဖြစ်ကာ အစွန်ဆုံးရှိ ဗလာဓာတ်ပုံဘောင်သည် လုဖုန်းအတွက် ချန်လှပ်ထားသည်မှာ ဧကန်မုချဖြစ်ကြောင်းကို အန်းကျယ် သိသွားသည်။
ထိုအကြောင်းကိုတွေးရင်း အခိုက်အတန့်မျှ အန်းကျယ် ရပ်တန့်သွားကာ ပြောမပြနိုင်လောက်သော အလေးချိန်တစ်ခုသည် သူ၏နှလုံးသားကို ဖိနေ၏။ အကယ်၍ သူ လုပ်နိုင်ပါက လုဖုန်း၏ဓာတ်ပုံအား မကြာမီအချိန်၌ မချိတ်ဆွဲဖြစ်စေရန် သူ မျှော်လင့်မိသည်။ ယခုည လေယာဉ်ပေါ်သို့ လုဖုန်း တက်သွားစဉ်အခါက ကဲ့သို့ပင် ထိုသူ နေနိုင်ရန်၊ လုံခြုံသော နေရာတစ်ခုတွင် နေနေနိုင်ရန် သူ မျှော်လင့်မိ၏။
သို့သည့်တိုင် လုဖုန်းသည် ရွေးချယ်မှု ပြုလုပ်ခဲ့ပြီးဖြစ်သည်ပင်။