အခန်း (၄)
သူတို့က လွှတ်ပေးရမှာထက် အမှားအဖြစ်ခံပြီးပဲ သတ်လိမ့်မယ်
ထိုအရာကြီး၏ အရေပြားသည် အနက်ရောင်ဖြစ်ကာ၊ အန်တိုနီ့အရေပြား၏ အရောင်ကဲ့သို့ပင်။ သို့သော်ငြား လူမျက်နှာသည်ကား ပုံပျက်နေခဲ့ပြီဖြစ်သည်။ မျက်လုံးရှိခဲ့သည့် မူလနေရာတွင်မူ အညိုရောင်အကြေးခွံတို့က သိပ်သိပ်သည်းသည်း ဖုံးကာထားပြီးဖြစ်၏။ နှာခေါင်းသည် အောက်ဘက်ရှိ ကြီးမားသော အက်ကြောင်းထဲသို့ ရှည်ထွက်နေသည်။ ပါးစပ်သည် အပြင်ဘက်သို့ ငေါထွက်နေပြီး၊ ရှည်ရှည်ကောက်ကောက် အနက်ရောင်ပြွန်တစ်ခုသည်ကား ပါးစပ်အလယ်မှ ထိုးထွက်နေ၏။
သူ ရပ်တန့်သွားသည်။ သူ့၏အတောင်ပံအစွန်းများသည် ကားနံရံကို ခြစ်လျက်၊ ဆူညံသံတို့ကို ထွက်ပေါ်စေ၏။
“အန်တိုနီ၊ မင်းဘာလုပ်နေတာလဲ”
ဟော့စန်း၏အသံသည် မကျေနပ်မှုတို့နှင့် ပြည့်နှက်နေသည်။
“ငါ အကြည့်ခံရတာ မကြိုက်ဘူးနော်”
စကားပြောပြီးသည်နှင့် ဟော့စန်းသည် ခေါင်းကို ထပ်မံ၍ ငုံ့လိုက်သည်။ သူ၏ပုခုံးနှင့် လည်ပင်းအား ကိုက်ခဲနေသည့်သွားကို အန်းကျယ် ခံစားမိ၏။ အရေပြားသည် သွားဖြင့် ကြိတ်ခြေခံနေရပြီး နာကျင်မှုအနည်းငယ်က လျှံတက်လာသည်။ သို့ပေသည့် အန်းကျယ် ဂရုမစိုက်နိုင်။ သူ့၏တစ်ကိုယ်လုံးသည် တောင့်တင်းနေကာ သားရဲကောင်အဖြစ်သို့ ပြောင်းလဲသွားသည့် အန်တိုနီ့ကိုသာလျှင် ကြည့်နေ၏။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။
အန်တိုနီ့အနောက်ဘက်ရှိ အတောင်ပံသည် အနည်းငယ်တုန်ယင်လာကာ ပါးစပ်ပေါက်သည် လေထဲတွင် လိမ့်လာ၏။
“ကြောက်နေလို့လား”
သူ့အပေါ်ရှိ ဟော့စန်းသည် သူ့ခန္ဓာကိုယ်၏ တောင့်တင်းမှုကို ခံစားမိကာ မပီမပြင် အပြစ်ဆိုလာသည်။
“ဘာလို့ဟန်ဆောင်နေတာလဲ”
ထို့နောက်တွင် အန်းကျယ်၏ခါးတစ်ဝိုက်ကို ဆုပ်ကိုင်ကာ ပြင်းထန်စွာကိုက်ခဲလာ၏။