အခန်း (၄၈)
ရုံးတင်စစ်ဆေးမှုသည် အချိန်တိုင်း ဖြစ်ပေါ်နေ၏
လှေကားတွင် လူအနည်းငယ်သာရှိသည်၊ သို့မဟုတ် အလောတကြီးဖြစ်နေသော လူများ ပုံမှန်ထက် နည်းပါးနေခြင်း ဖြစ်နိုင်၏။ လှေကားထစ်များကို တက်လိုက်ဆင်းလိုက် ပြုလုပ်ခြင်းသည် သက်လုံကုန်ခမ်းစေသည့် အရာပင်။ အန်းကျယ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ အနည်းငယ် ပင်ပန်းနေဆဲဖြစ်သည်။ ကမ္ဘာမြေပေါ်သို့ solar wind တိုက်ရိုက် ရိုက်ခတ်သောအခါ လေထုသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့် လွင့်စဥ်သွားမည်ဖြစ်ကာ၊ စကြဝဠာထဲသို့ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ရက်အချို့သာ ကုန်ဆုံးသေးသော်ငြား လေဝင်လေထွက်ပေါက်များမှ ပံ့ပိုးပေးထားသည့် လေထဲရှိ အောက်ဆီဂျင်ပမာဏသည် သိသိသာသာပင် လုံလောက်မှုမရှိတော့။ နေ့စဉ်နေ့တိုင်း စစ်တပ်အသံလွှင့်ရုံများမှ လူတို့အား အပြင်ထွက်ခြင်းနှင့် မလိုအပ်သော ရုပ်ပိုင်းဆိုင်ရာအားစိုက်မှုတို့ကို ရှောင်ရှားရန် သတိပေး၏။
ပထမထပ်စင်္ကြံသို့ အန်းကျယ် ရောက်လာသည်။ ဤနေရာရှိ လေထုသည် ပို၍ပင် လေးနက်နေ၏။ ကင်းလှည့်နေသော တရားသူကြီးသည် သူ့အား "စောစောပြန်သွား"ဟု ပြောခဲ့သည်ကို အန်းကျယ် သတိရသွားကာ တရားခုံရုံးဆီသို့ သူ မြန်မြန်ပြန်သွားလိုက်သည်။ ဆရာဝန်သည် နားနေခန်းတွင် သူ့၏lap topကို ခပ်ဖွဖွ ခေါက်နေလျက်ရှိကာ သူရောက်လာသည်ကို မြင်၍ ဆိုလာ၏။
"နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ဘယ်သွားနေတာလဲ"
"လမ်းလျှောက်ထွက်သွားတာ"
ဆရာဝန်၏ဘေးတွင် သူ ထိုင်လိုက်သည်။ ဒေါက်တာကျိသည် အလွန်ကြင်နာတတ်သူဖြစ်ကာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူတို့သည် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့၏။
"လျှောက်မသွားနဲ့"
ဆရာဝန်က ဆိုသည်။
"အနည်းဆုံး ဒီနေ့တော့ မလုပ်နဲ့"
အန်းကျယ် မေးလိုက်၏။
"ဘာဖြစ်သွားလို့လဲ"