ပြတင်းပေါက်မှ တိုးဝင်လာသော နေခြည်တန်းများကြားတွင် မြောပါနေသော ဖုန်မှုန့်ငယ်များသည် လှိုင်းစီးနေကြသလို တုန်ခါရွေ့လျားနေကြသည်။ အပင်ရိပ်များကြောင့် စိမ့်နေသော အအေးဓါတ်သည် နေ့လည်ခင်း၏ အပူဒါဏ်ကို ကာကွယ်ပေးနေသည်။
"အဖွား... ငြိမ်ငြိမ်နေနော်..."
သတိုး ရယ်ကျဲကဲနျှင့် သူ့ရှေ့မှာ ထိုင်နေသော အဖွားကို လှမ်းပြောကာ ကျောက်ပြင်ပေါ်မှ သနပ်ခါးအနှစ်များကို လက်ညှိုးဖြင့် ဖိတို့ယူလိုက်သည်။
"ရေချိုးပြီးပြီဆိုရင် ကျွန်တော့်အဖွားက သနပ်ခါးလေးနဲ့မှလှတာ.. မဟုတ်ဘူးလား အဖွား.."
အဖွား၏ ပါးရေတွန့်သော မျက်နှာမှာ အပြုံးချိုချိုတစ်ခု ထင်လာသည်။ သတိုးသနပ်ခါးလိမ်းပေးနေသည်ကို ကလေးတစ်ယောက်လို ငြိမ်ခံနေသော အဖွား၏ အပြုံးသည် မွှေးကြိုင်သော သနပ်ခါးနံ့နှင့်အပြိုင် လှချင်တိုင်းလှနေသည်။
စေ့ရုံသာပိတ်ထားသော အခန်းတံခါးကိုတွန်းကာ နေရှင်းခ လှမ်းဝင်လာသည်။ မှန်တင်ခုံရှေ့မှာ အဖွားကို သနပ်ခါးလိမ်းပေးနေသော သတိုးကိုတွေ့တော့ မပြုံးဘဲမနေနိုင်။
"အဖွား အလှတွေပြင်နေတယ်ဟေ့...ခဏနေရင်ပဲ မိုးချုပ်တော့မယ်..."
"မင်းမသိပါဘူး ရှင်းခရာ... ငါ့အဖွားက မျက်နှာမှာ သနပ်ခါးမရှိရင် မနေတတ်ဘူး.. ဟုတ်တယ်နော်... ဖွား.."
"မင်းအဖွားမဟုတ်ပါဘူး.. ငါ့အဖွားပါ..."
အဖွားရှေ့ မှန်တင်ခုံဘေးမှာ နေရှင်းခ လာရပ်သည်။ သတိုးနှင့်အဖွားတို့က ထိုင်နေသည်မို့ နေရှင်းခ၏ မြင့်မားသောအရပ်က အရမ်းကို သိသာနေသည်။
"မပြီးသေးဘူးလားကွယ်.."
"နေပါဦး အဖွားကလည်း... ခေါင်းဖြီးရဦးမယ်..."
တကယ်တော့ အဖွားခေါင်းတွင် ဖြီးသင်စရာ ဆံပင်ဟူ၍ သိပ်မရှိတော့။
ပါးလပ်နေပြီဖြစ်သော ဖြူဖွေးနေသည့် ဆံမျှင်တစ်ချို့သာရှိတော့သည်။ ထိုဆံပင်မျှင်များကိုပင် ဖြည်းညှင်းစွာ ဖြီးကာ အဖွားထုံးနေကျ လက်သန်းလောက်သာရှိသည့် ဘီးဆံထုံးငယ်ကို သတိုးကျွမ်းကျင်စွာ ထုံးပေးနေသည်။
YOU ARE READING
ကြယ်တွေကြွေသောည