extra (2)

34.7K 2.2K 12
                                    

"ရှင်းခ.."
"ဟင်..."
"လာဦး..."
နေရှင်းခ လက်ကို ဆွဲကာ ထက်ဝေယံ ထိုင်နေရာမှထသည်။ နေရှင်းခက မလိုက်ချင်သလိုလို သတိုးရှိရာသို့ လည်ပြန်လှည့်ကြည့်နေသေးသည်။ သူ နေရှင်းခကို မေးစရာတွေရှိသည်။ ရေကူးကန်နားမှာ ရိုက်ကွင်းသမားတွေ၊ နောက်ခံသီချင်းသံတွေနှင့် သူတို့ စကားပြောလို့အဆင်မပြေ။
ထက်ဝေယံ မှန်တံခါးကိုတွန်းဖွင့်ကာ ရေကူးကန်နှင့်ကပ်ရပ်တည်ရှိနေသော gym အားကစားခန်းမထဲသို့ ဆက်လျှောက်လာခဲ့သည်။ ခန်းမထဲတွင် ခေတ်မီအားကစားပစ္စည်းကိရိယာအမျိုးမျိုး ရှိနေသည်။ ညနေခင်းမို့ အလေး မ နေသူ၊ လမ်းလျှောက်စက်ပေါ်တွင် နားကြပ်တပ်၊ သီချင်းနားထောင်ရင်း လမ်းလျှောက်နေသူများနှင့် လူတော့များသည်။
အလွတ်အားကစားခန်းဘေးရှိ မှန်လုံခန်းတစ်ခုရှေ့မှလည်း သူတို့နှစ်ယောက်ဖြတ်လျှောက်လာကြသည်။ ထိုအခန်းထဲတွင်တော့ သင်တန်းသူများကို ကြွက်သားကြံ့ခိုင်ရေးလေ့ကျင့်ခန်းပြပေးနေသည့် နည်းပြဆရာ နှင့် အသားကပ်အားကစားဝတ်စုံကို ၀တ်ဆင်ထားသော သင်တန်းသူများရှိနေသည်။
"ဘာလဲ ဝေယံရာ...။ ငါ သတိုးကို ကြည့်ချင်လို့လာတာ..။"
"ဟေ့ကောင်..။ သည်းမနေနဲ့။ တစ်ခါမှမမြင်ဖူးလို့လား..။"
ရုံးခန်းရှေ့ရောက်မှ တံခါးပင်မခေါက်ဘဲ ထက်ဝေယံ ရုံးခန်းတံခါးကို တွန်းဖွင့်သည်။ အနက်ရောင်စားပွဲနောက်မှ မမငြိမ်းမှာ ထက်ဝေယံကိုတွေ့ရ၍ အံ့သြဟန်မပြ။ သူမရှေ့မှ ကွန်ပျူတာကို လှမ်းပိတ်ကာ အပြုံးနှင့် နှုတ်ဆက်သည်။
"အဆင်ပြေရဲ့လား ဝေယံ..။"
"ဟုတ်ကဲ့ မမငြိမ်း..။ ဒါနဲ့ ကျွန်တော် ဒီရုံးခန်းကို ခဏငှားလို့ရမလား..။"
"ရပါတယ်။ မမလည်း သတိုးကိုသွားကြည့်ချင်နေတာ..။"
မမငြိမ်းက ထိုင်နေရာမှထကာ နေရှင်းခကို ပြုံးပြပြီး ရုံးခန်းပြင်သို့ ထွက်သွားသည်။ နေရှင်းခ အံ့သြလွန်း၍ ဘာပြောရမှန်းမသိ။ ထက်ဝေယံပုံစံက ပိုင်စိုးပိုင်နင်း နိုင်လှသည်။ သူပိုင်သည့် အားကစားခန်းမလည်းမဟုတ်ပါပဲနှင့် ပိုင်ရှင်ကို ရုံးခန်းထဲမှ မောင်းထုတ်ကာ နေရာလုနေသည်။ ထက်ဝေယံက နေရှင်းခအတွေးကို နားလည်သည့်ဟန် ပခုံးတစ်ချက်တွန့်သည်။
"မပူစမ်းပါနဲ့ကွာ။ မမငြိမ်းနဲ့ငါက မောင်နှမတွေလိုဖြစ်နေပြီ။"
ပြောလည်းပြောသည်။ မမငြိမ်းဆိုသည့်အမျိုးသမီးထိုင်ခဲ့သည့် နေရာမှာလည်း ၀င်ထိုင်သည်။ နေရှင်းခကိုလည်း ထိုင်ဟုဆိုကာ သူ့ရှေ့မှ ထိုင်ခုံကို မေးထိုးပြသည်။ အခုမှ အလုပ်အင်တာဗျူးလာဖြေသည့် ကောင်လေးတစ်ယောက်လို နေရှင်းခ အူကြောင်ကြောင် ထိုင်ဖြစ်သည်။
"မင်းနဲ့သတိုးနဲ့ အဆင်ပြေလား..။"
သတိုးနှင့်သူနှင့် အဆင်ပြေလား၊ မပြေလားတော့ နေရှင်းခ မသိ။ ထက်ဝေယံ၏ မေးခွန်းကတော့ အဆင်မပြေ။ အလုပ်မှပြီးပြီးချင်း အပြေးတပိုင်းလာခဲ့သည်မှာ သူ့အစ်ကိုဖြစ်သူ ဒီကောင်နှင့် ရုံးခန်းထဲနှစ်ယောက်တည်းပိတ်ကာ အာလာပသလာပ ပြောဖို့မဟုတ်တာတော့ သေချာသည်။ သတိုးကို သူ လာခဲ့ပါ့မည်ဟု ကတိပေးထားသည်။ ကင်မရာရှေ့မှာ အနေမတတ်သေးသည့် သူ့ ချစ်သူလေး အားရှိအောင် ရိုက်ကွင်းတစ်လျှောက် စောင့်ပေးမည်ဟု ပြောထားသည်။
"ရှင်းခ ငါမေးနေတယ်လေ...။"
"ပြေတယ်လေ။ ပြေတာပေါ့။ မင်းသိချင်တာ ဒါပဲမဟုတ်လား။ ငါ သွားတော့မယ်။"
"နေဦး ဟေ့ကောင်။ ငါ သိချင်တာတွေ ရှိသေးတယ်။"
"ဘာလဲဝေယံရာ။"
နေရှင်းခ ထိုင်ခုံမှ ဖင်တကြွကြွဖြစ်နေမိသည်။
"မင်းတို့နှစ်ယောက် ရန်ဖြစ်လား..။"
"ဘာ...။"
"မင်းကို သတိုးက စိတ်ဆိုးတာ.. မင်းက သတိုးကို စိတ်ဆိုးတာ.. အဲဒါမျိုးတွေရှိလား..။"
"ရှိတာပေါ့ကွာ။ ဒါများ အထူးအဆန်းလုပ်ပြီး မေးနေရသေးလား။"
ထက်ဝေယံ အံ့သြရသည်။ သူ အထူးအဆန်းလုပ်ပြီးမေးနေတာမဟုတ်။ ရှိလိမ့်မည်ဟု ထင်ကို မထင်ထားသောကြောင့်ဖြစ်သည်။ သူတွေ့လိုက်တိုင်း နှစ်ယောက်သားအဖြစ်သည်းနေသည်မှာ အမြဲတမ်း။ လူနှစ်ယောက်ဆိုတာထက် နှစ်ကိုယ့်တစ်စိတ် ချစ်နေလိုက်ကြတာဟုသာ သူ တွေးမိသည်လေ။
"ဒါပေမယ့် မင်းနဲ့ရန်ဖြစ်လာလို့ဆိုပြီး သတိုး တစ်ခါမှ မျက်နှာပျက်တာမျိုး မတွေ့ရပါလား။"
"ငါနဲ့သတိုးက သိတာ အခုမှမဟုတ်ဘူးလေကွာ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုက ရှိပြီးသား။ ဘယ်လိုကိစ္စမျိုးနဲ့ပဲ ပြဿနာတက်တက် ဒီပြဿနာက ငါတို့နှစ်ယောက်ရဲ့ အချစ်နဲ့ အိမ်ထောင်ကို ပြိုကွဲစေမှာ မဟုတ်ဘူးဆိုတာ ယုံကြည်မှုရှိပြီးသား။ ချစ်သူနှစ်ယောက်ရန်ဖြစ်လို့ ကမ္ဘာပျက်သလို ခံစားရတယ်ဆိုတာမျိုးက ကိုယ် သူ့ကိုပိုင်ဆိုင်ခွင့်ရှိပါတော့မလား၊ သူ့အချစ်ကို ဆုံးရှုံးလိုက်ရတော့မလားဆိုပြီး တွေးပူတတ်တဲ့ အစပိုင်းအချိန်တွေမှာ ဖြစ်တတ်တာမျိုးလေ။"
စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူနေသော ထက်ဝေယံ လက်များ ရပ်တန့်သွားသည်။ မဖြစ်နိုင်တာ။ သူ ကမ္ဘာပျက်သလိုခံစားရတာတော့ မဟုတ်ပါဘူး။ မဟုတ်ဘူးလို့တော့ ထင်မိတာပါပဲ။ ရဲသွေးငယ်နှင့် ရန်ဖြစ်ရတိုင်း ထိုတစ်နေ့လုံး ဘာတစ်ခုမှ အဆင်မပြေတော့သလိုသာ ခံစားရတာ။
ဒါပေမယ့် သိပ်တော့ ကြာသည်မဟုတ်။ များသောအားဖြင့် နှစ်ရက်၊ သုံးရက်ထက် ရဲသွေးငယ် ပိုပြီး စိတ်မကောက်တတ်။ သူ့ဆီကို ပြန်လာသည်ပဲဖြစ်သည်။ မျက်နှာရဲကာ ရှက်သလို၊ အားနာသလို မျက်နှာငယ်နှင့် ဘာမှမဖြစ်ခဲ့သလို ဒီကောင်လေး ပြန်ရောက်လာတတ်သည်။ သူကပင် ဘာလာလုပ်တာလဲ၊ ဘာညာနှင့် ပြန်ဟောက်လိုက်သေးသည်။ ဒီလိုပင် နှစ်ယောက်သား အဆင်ပြေသွားကြတာများသည်။
ဒီတစ်ခါတော့ ရဲသွေးငယ် ပေါ်မလာတော့သည်မှာ တစ်ပတ်ကျော်ကာ နှစ်ပတ်နီးပါးပင် ကြာနေပြီ။ ဘာသတင်းမှမကြားရတော့။ အဲဒါကြောင့်သာ သူ နည်းနည်း စိတ်ရှုပ်မိတာဖြစ်မည်။
"မင်းက သတိုးကိုရတာ ကံကောင်းပါတယ်ကွာ။ သတိုးလောက် နားလည်ပေးပြီး သည်းခံနိုင်တဲ့ကောင်လေး မရှိဘူး။"
"ဘာ..။ မင်း နောက်နေတာလား။"
နေရှင်းခ ပြုံးစစနှင့် ထက်ဝေယံကို ပြန်မေးသည်။
"သတိုးက နားလည်ပေးတယ်။ ဟုတ်လား။ မင်းမို့လို့ပြောတတ်တာ။ သတိုးလောက် သ၀န်တိုတဲ့သူ လောကမှာမရှိဘူး ဝေယံ။ ငါ့မှာ သူနဲ့အတူ စားသောက်ဆိုင်အတူသွားရင် စားပွဲထိုးမလေးတွေ မရှိပါစေနဲ့ ဆုတောင်းနေရတယ်။ တစ်ခါက စားပွဲထိုးကောင်မလေးကို ငါ ပြုံးပြလိုက်လို့ စိတ်ဆိုးသွားတာ သုံးရက်ကြာတယ်။ supermarket မှာ သူနဲ့အတူ ဈေးသွားဝယ်ရင်လည်း ကောင်တာမှာ ငွေသိမ်းတဲ့မိန်းကလေးတွေနဲ့ စကားတစ်ခွန်းလောက်ပြောမိတာနဲ့ တစ်ညနေလုံး စူပုပ်နေတာ မပြီးတော့ဘူး။ အရမ်းရစ်တာကွ။ သူ့ စိတ်ချည်းပဲ။ အလုပ်မှာ သူ လာကြိုရင် ရှိသမျှ စားပွဲထိုးလေးတွေကို ငါ့ကိုမနှုတ်ဆက်ပါနဲ့လို့ မှာထားရတာ။"
ထက်ဝေယံ မျက်လုံးပြူးရပြန်သည်။ သတိုးကလေ။ သတိုးခန့်က သ၀န်တိုတတ်သည်တဲ့လား။ သူ ယုံတောင်မယုံနိုင်။
"သတိုးက ငါနဲ့တုန်းက ဒီလိုမဟုတ်ပါဘူးကွာ..။"
"ဝေယံရာ..။"
နေရှင်းခ ထိုင်ခုံကျောကိုမှီကာ သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချသည်။
ထိုအကြည့်..
ထိုမျက်လုံးတွေမှာ သူ အဖြေတစ်ခုကို တွေ့လိုက်ရသည်။
ဟုတ်သားပဲ..။
သတိုးက သူ့ကိုမှ မချစ်ခဲ့တာ...။
ဒါကို သူ မေ့နေခဲ့သည်လေ။
"အချစ်မှာ အတ္တဆိုတာ ပါတယ်လေကွာ။ ငါ ပြောချင်တာက တစ်ဖက်သတ်တွေးပြီး နေရာတကာ ကိုယ့်ချစ်သူကို ကိုယ်ဖြစ်စေချင်သလို နေခိုင်းနေတာကို ပြောတာမဟုတ်ဘူးနော် ဝေယံ။ ဒါပေမယ့် ကိုယ် တစ်ကယ်ချစ်မိရင် ဘယ်သူမှ အတ္တကင်းကင်းနဲ့ မချစ်နိုင်ဘူး။ သတိုးနဲ့ငါလည်း အတူတူပဲ။ သတိုးနဲ့ပတ်သက်ရင် ငါ အတ္တကြီးတယ်။ သူလည်း ငါ့အပေါ်ဘယ်လောက်ယုံတယ်ပြောပြော သ၀န်တိုတာတော့ ရှိတာပဲ။ အရေးကြီးတာက balance ဖြစ်အောင် နှစ်ယောက်စလုံး ညှိယူရတာပေါ့။ လူနှစ်ယောက်ရဲ့ ချစ်ခြင်းတွေမှာ အချစ်ဆိုတာချည်းနဲ့ပဲ မပြီးဘူး။ နားလည်မှု၊ ယုံကြည်မှု၊ အားကိုးမှု၊ မေတ္တာတွေပါ ပါတယ်။"
"အဲဒါမျိုးတွေ ငါ မသိဘူး ရှင်းခ။ သိလည်းမသိဘူး။ လုပ်လည်းမလုပ်တတ်ဘူး။"
ထက်ဝေယံ သိသည်က ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်စိတ်တိုင်းကျ ကိုယ်ကြိုက်သလို နေခဲ့ကြတဲ့ မိဘနှစ်ယောက်။ သူတို့ကြားမှာ မိခင်ဖြစ်သူရဲ့ ဖခင်အပေါ်ထားရှိတဲ့ ပူလောင်တဲ့ အချစ်တွေပဲရှိတယ်။ နားလည်မှုဆိုတာကို ဘယ်တော့မှ မတွေ့ခဲ့။ လိုက်လျောခြင်းဆိုတာကတော့ ဘာလဲဆိုတာတောင် သူ မသိ။
"ငါ ရဲသွေးနဲ့ ပြဿနာတက်တယ်ကွာ။ တစ်ချိန်လုံး ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုတော့ ငါ စိတ်မရှည်တော့ဘူး။"
"ဘာမလုပ်နဲ့လို့ပြောတာလဲ..။"
"စီးကရက်သောက်တာတို့၊ အရက်သောက်တာတို့..။"
ထက်ဝေယံ စကားဆုံးတော့ နေရှင်းခ ပြုံးသည်။
"အဲဒီ့တော့ မင်းက ချုပ်ချယ်ခံရတယ်ဆိုပြီး စိတ်ဆိုးတယ်ပေါ့။ ဒါက မင်းကို သူ ချစ်လို့လေကွာ။ မင်းရဲ့ကျန်းမာရေးအတွက်လေ။ သူကြိုက်တဲ့ ဆံပင်အရောင်ဆိုးပါလို့ မင်းကို တောင်းဆိုလို့လား။ သူကြိုက်တဲ့ ကားတစ်စီးဝယ်စီးပါလို့ ပြောနေလို့လား။"
ထက်ဝေယံ လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်သည်။ ဟုတ်သည်။ ရဲသွေးငယ် ဒါတွေ မတောင်းဆိုပါ။ အိမ်ကိုရောက်သည်နှင့် ၀ယ်ခြမ်းလာသည်များကို ချက်ပေးသည်။ ရှုပ်ပွနေသောပစ္စည်းများကို ရှင်းပေးသည်။ တစ်ချိန်လုံး အဖွားကြီးတစ်ယောက်လို ဆူဆူပူပူလုပ်သည်ကလွဲလျှင် သူ့အနွံတာကို ခံနိုင်လွန်းသည်ကို ငြင်းမရ။ သူ ကသာ ဒီကောင်လေးကို ဘယ်တုန်းကမှ အကောင်းမပြောခဲ့။ သက်သတ်လွတ်တွေပဲ ချက်နေတာပဲ။ ငါ့ပစ္စည်းတွေ ဘယ်ရောက်ကုန်လဲဆိုပြီး တစ်ချိန်လုံးဟောက်နေသည်သာရှိသည်။
"မင်း သတိထားမိလား။ သတိုး ငါ့ရှေ့မှာ ဘယ်တော့မှ စီးကရက်မသောက်ဘူး။"
နေရှင်းခ၏အမေးကို ထက်ဝေယံ ခေါင်းညိတ်အဖြေပေးမိသည်။ သူသိသည်။ နေရှင်းခရှိနေလျှင် စီးကရက်ကို သတိုး သိပ်မသောက်။ အရမ်းသောက်ချင်နေလျှင်တောင် အဝေးသို့ သွားပြီးမှ သောက်သည်။ နေရှင်းခ စီးကရက်နံ့ကို မခံနိုင်၍ ဖြစ်မှန်း သူ သိပေမယ့် သတိုးရဲ့ အလေးပေးမှုကိုတော့ အခုမှ သေချာစဉ်းစားမိသည်။
"သတိုး စီးကရက်သောက်တာ၊ အရက်သောက်တာကို ငါလည်းမကြိုက်ဘူး။ ဆူတာပဲ။ သူက ငါ့စကားနားထောင်ပြီး အရက်ဖြတ်၊ ဆေးလိပ်ဖြတ်တာမဟုတ်ပေမယ့် ငါ့ရှေ့မှာဆိုရင် ငါမကြိုက်မှန်းသိလို့ မလုပ်ဘူး။ အဲဒါမျိုးကို ညှိယူတယ်လို့ ငါဆိုလိုတာ။ ကိုယ့်ချစ်သူအတွက် အရေးကြီးမယ်ဆိုရင်၊ ကိုယ့်ချစ်သူ စိတ်ချမ်းသာစေချင်တယ်ဆိုရင် အလိုလို ဖြစ်သွားတာ။ မင်း ရဲသွေးကို တကယ်ရော ချစ်ရဲ့လား ဝေယံ။"
နေရှင်းခရဲ့ နောက်ဆုံးစကားကြောင့် ထက်ဝေယံ အံ့သြတုန်လှုပ်သွားမိသည်။
တစ်ခါမှ မစဉ်းစားခဲ့သည့် အဖြေ။
တိတိကျကျ တွေးစရာ မလိုဟု ခပ်ပေါ့ပေါ့သာ သဘောထားခဲ့သည့် အကြောင်းအရာတစ်ခု။
နေရှင်းခ ရေးပေးသည့်စာအတိုင်း သူ ပြန်ကူးပေးခဲ့သည်။ စာလုံးပေါင်းမှားသွားတာတော့ မတတ်နိုင်။ ဒါကို ထပ်ပြီး ရှင်းလင်းစရာမလိုတော့ဟု လွယ်လွယ်တွေးထားခဲ့သည်လေ။ သူ့ခြေဖျား၊ လက်ဖျားတွေ အေးစက်လာသည်။
"ဝေယံရာ။ မင်း ကိုယ့်ကိုကိုယ် သိအောင် သေချာ.."
"ဟေ့ကောင်..."
နေရှင်းခ စကားမဆုံးလိုက်။ အခန်းတံခါး ၀ုန်းခနဲပွင့်လာကာ သတိုး မျက်နှာပေါ်လာသည်။ နဖူးပြင်မှာ ချွေးစို့နေကာ မျက်မှောင်ကြုတ်နေသည်။ နေရှင်းခကို လှမ်းကြည့်သည့် မျက်လုံးများက မီးထွက်တော့မည်။
"မင်းပြောတော့ ငါ့ကို အားပေးဖို့လာတာဆို။ ဒီည မင်း သေဖို့ပြင်ထား နေရှင်းခ..။"
သတိုး တံခါးကို ၀ုန်းခနဲ ပြန်ပိတ်သွားသည်။
"အေးရောကွာ။ အဲဒါ မင်းကြောင့် ထက်ဝေယံ..။ အသုံးမကျတဲ့ကောင်..။"
နေရှင်းခ ထက်ဝေယံကို လက်ညှိုးထိုးပြောရင်း သတိုးနောက်မှ မပြေးရုံတမယ် လိုက်သွားပြီဖြစ်သည်။
.......................

ကြယ်တွေကြွေသောညWhere stories live. Discover now