Sequel 24 (Unicode)

15.7K 1.5K 97
                                    

အဖက်ဖက်မှ ထိုးလာနေသော မီးရောင်များကြောင့် သတိုး မျက်စိကို ခဏပိတ်ထားပြီးမှ ပြန်ဖွင့်ရသည်။ အဖြူရောင်ပိတ်သားနှင့် အလင်းရောင်ချိန်ထားသော ကိရိယာများကြား သူ့ မျက်စိတွေ ညောင်းညာနေပြီ။

ဘယ်တော့မှ ပြီးမှာလဲ မသိဘူး။

တစ်ယောက်တည်း မကျေမနပ် တွေးမိပေမယ့် ပါးစပ်မှတော့ ဖွင့်မပြောရဲ။ အခု သူ ရောက်ရှိနေသည်မှာ စီးရီးခွေအတွက် လိုအပ်သည့် ဓါတ်ပုံရိုက်ကွင်းတစ်ခုဖြစ်သည်။ နေရာ၊ အဝတ်အစားများအတွက် ရဲလေးက တာဝန်ယူထားပေးသောကြောင့် သတိုးက ဓါတ်ပုံဆရာပြောသလို နေပေးရုံသာ။ ထက်ဝေယံ၏ မန်နေဂျာတဖြစ်လည်း သူငယ်ချင်းဖြစ်သူ ရဲလေးကို သတိုးသိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အမြဲတမ်းပြုံးနေကာ ရယ်မောနောက်ပြောင်တတ်သော ထိုသူကို သူလည်း ခင်သည်။

"သတိုး မင်း အပြုံးက အသက်မပါဘူး။"

ထက်ဝေယံ ဝင်ပြောလိုက်မှ သတိုး ပြုံးချိန်စိတ်ကုန်သွားသည်။ တကယ်တမ်း ဓါတ်ပုံရိုက်မှ ထင်သလောက်မလွယ်တာကို နားလည်သည်။ ပြုံးရလွန်းသဖြင့် အာပင်ညောင်းနေပြီ။ နောက်ပြီး သူတို့ရောက်နေသည်မှာ အဲယားကွန်းရှိသည့် စတူဒီယိုခန်းမဟုတ်။ ဓါတ်ပုံဆန်းဆန်းရအောင်ဟူသော ထက်ဝေယံ၏စတန့်ထွင်မှုကြောင့် ပြိုပျက်နေသော အိမ်ဟောင်းကြီးတစ်ခုထဲမှာဖြစ်သည်။ ပြတင်းပေါက်ဖန်ကွဲများနှင့် ဖုန်မှုန့်များကြားဆိုလျှင်လည်းမမှား။

ပူရသည့်ကြားထဲတွင် သတိုးတစ်ယောက် အမည်းရောင်အောက်ခံ လက်ရှည်အကျီင်္ထက်မှာ အနီရောင် ရှပ်လက်ပြတ်ကို ကြယ်သီးဖွင့်ကာ ဝတ်ထားရသေးသည်။ အိတ်ကပ်များနှင့် ဘောင်းဘီကအတိုဖြင့်၍ တော်သေးသည်။ အဖြူရောင်လျှာထိုးဦးထုပ်ကို နောက်ပြန်စောင်းကာ နားကြပ်တပ်ထားသည့် ပုံအတိုင်း သူရှိနေသည်မှာ တစ်မနက်ခင်းပင် ကုန်တော့မည်။

"ဒီအတိုင်း မျက်နှာတည်ထား။ ကိုယ်ရိုက်တော့မယ်လို့ပြောမှ စိတ်ပါလက်ပါ ရယ်လိုက်။"

စိတ်ရှည်ကာ သဘောကောင်းသော ဓါတ်ပုံဆရာ၏ အပြောကို သတိုး ဟုတ်ကဲ့ဟုဖြေရသည်။ ထောင့်မျိုးစုံ၊ နေရာမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် စိတ်တိုင်းကျရိုက်နေသည့် ဓါတ်ပုံဆရာမှာ ချွေးဒီးဒီးကျနေသည်။ သတိုးကတော့ ချွေးပြန်ခွင့်ပင် ကောင်းကောင်းမရ။ အနည်းငယ်ချွေးစို့လာသည်နှင့် မိတ်ကပ်ပြင်သည့် သူက တို့ဖတ်လေးကိုင်ကာ ရောက်လာပြီဖြစ်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now