Sequel 13 (Unicode)

17.8K 1.6K 10
                                    

တောင်ငူမြို့လွန်သည်နှင့် ပတ်ဝန်းကျင် ရှုခင်းများသည် လုံးလုံးပြောင်းလဲသွားသည်။ ကွင်းပြင်ကျယ်နှင့် လယ်ကွင်းများမဟုတ်တော့။ သစ်ရိပ်လွှမ်းသော လမ်းများဖြစ်လာသည်။ မြစ်ချောင်းများထက်မှ တံတားများကိုလည်း မကြာမကြာ ဖြတ်သန်းလာရသည်။ ကားအသွားအလာ သိပ်မရှိတော့။ ဆိုင်ကယ်များကိုသာ အတွေ့များလာသလို မြို့ငယ်၊ ရွာငယ်များသည်လည်း တစ်ခုနှင့်တစ်ခု ပို၍ အလှမ်းဝေးလာကြသည်။

"ကိုလေးရာ.....ဘယ်လို ကားမောင်းနေတာလဲ။"

သတိုး ကားမောင်းသူနေရာမှ မကျေမနပ်ပြောမိသည်။ တောင်ငူမြို့မှ လမ်းခွဲပြီးသည်နှင့် နေရှင်းခကို နားစေချင်သဖြင့် သူ တစ်လှည့်ကားမောင်းနေခြင်းဖြစ်သည်။ ကိုယ်တိုင်မောင်းမှ နေရှင်းခစိတ်တိုရတာကို နားလည်သည်။ ထက်ဝေယံကားကို မီအောင်လိုက်ရသည်မှာ တကယ့်ကို မလွယ်။ အကွေ့အချိုးများကိုပါ အရှိန်မလျှော့ဘဲ မောင်းချင်သလို မောင်းနေခြင်းဖြစ်သည်။ အခြားကားများ ဆိုင်ကယ်များကို ကျော်တက်မည်ဆိုလျှင်လည်း အချက်ပြရမှန်း နားလည်ပုံမရ။ တစ်လမ်းလုံး သူ့ ကားတစ်စီးသာရှိသလို မောင်းနေခြင်းဖြစ်သည်။

"သတိုး.."

"အင်း..."

"ဆရာရဲသူကို ငါ နားမလည်ဘူး။"

မထင်မှတ်ဘဲ ပြောလာသော နေရှင်းခ စကားကြောင့် သတိုး အံ့သြသွားသည်။ ခရီးမထွက်ခင် ယမုံ၊ ဆရာရဲသူတို့နှင့် သူတို့နှစ်ယောက် ညစာအတူစားဖြစ်ခဲ့ကြသည်။ ယခုအကြိမ်နှင့်ပါဆိုလျှင် ဆရာရဲသူနှင့် သူတို့တွေ့ဆုံဖြစ်သည်မှာ နှစ်ကြိမ်သာရှိသေးသည်။ အကြောင်းမတိုက်ဆိုင်၍လား၊ တကယ်ပင် မအားလပ်လို့လားတော့မသိ။ ဆရာရဲသူနှင့် တွေ့ဆုံခဲလှသည်။ ဆရာရဲသူမပြောနှင့်။ ယမုံနှင့်ပင်အခုနောက်ပိုင်း သတိုးရောနေရှင်းခပါ သိပ်မတွေ့ဖြစ်ကြ။ ဒါပေမဲ့ ယမုံသည် သူတို့ကိုအရင်ကလို ခင်မင်ဆဲ၊ ချစ်ခင်ဆဲဆိုတာတော့ သေချာသည်။

"ဘာလို့လဲ..ရှင်းခ။"

"မသိဘူး။ တစ်မျိုးပဲ။"

"ယမု့ံကိုတော့ သူ တော်တော်ချစ်ပုံရပါတယ်။"

ပွင့်ယမုံနှင့် ဆရာရဲသူသည် အတော်ပင်လိုက်ဖက်သော စုံတွဲဖြစ်သည်။ ယမုံက မြန်မာဆန်ဆန် လှလှလေးနေတတ်သူ၊ ပွင့်လင်းသူတစ်ယောက်။ ဆရာရဲသူက လူကြီးဆန်ကာ ယမုံကို အလိုလိုက်သည်။ စကားချိုကာ လေသံအေးသည်။ နောက်ပြီး အပြုအမူအရရော အပြောအဆိုများကြောင့်ပါ ယမုံ့ကို ချစ်မှန်း၊ ဂရုစိုက်မှန်းသိသာသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now