Part 33 (Unicode)

34.6K 2.6K 250
                                    

လင်းခနဲလက်သွားသော လျှပ်စီးကြောင်းတစ်ခုက အတွန့်အခက်များစွာဖြင့် ကောင်းကင်ပြင်မှာ ထင်လာသည်။

စက္ကန့်အနည်းငယ်...

ထို့နောက်မှာတော့ ကျယ်လောင်လှသော မိုးခြိမ်းသံတစ်ခု။

ကားကို မိုးသည်းကြားမှ အရှိန်ပြင်းစွာ မောင်းနေသော နေရှင်းခ လက်တွေအေးစက်နေသည်။ လက်များသာမက တစ်ကိုယ်လုံး ရေခဲပြင်မှာ မြှုပ်နှံခံရသူတစ်ယောက်လို အေးစက်နေခြင်းဖြစ်သည်။ ကားမှန်ရှေ့မှ ရေသုတ်တံ၏ ဘယ်ညာယိမ်းမှုများသည် သည်းသည်းလှုပ်ရွာနေသော မိုးရေများကို ကင်းရှင်းအောင် မဖယ်နိုင်။ တစ်ခါဖယ်တိုင်း ဝေါခနဲ ထပ်ကျနေသော ရေများသည် မြင်ကွင်းကို ဝေ၀ါးသွားစေသည်။ ပိတောက်ပင်အောက်မှ ငါးနှစ်အရွယ် သတိုး၏ မျက်နှာသည် မိုးစက်များကြားမှာ သူ မြင်ယောင်လာမိသည်။

"မင်း ငါနဲ့ပဲနေရမယ်။"

"ဒါဆို ခဏနေမယ်လေ.. ရလား။"

"ဟင့်အင်း.. မရဘူး။ မင်း ငါနဲ့ တစ်သက်လုံးနေရမှာ။"

စတီယာတိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် နေရှင်းခလက်များ ထုံနေပြီဖြစ်သည်။

သတိုး.. မင်း ခေါင်းညိတ်ခဲ့တယ်မဟုတ်လား။ မင်းလည်း ငါ့နားမှာပဲ အမြဲနေမယ်မဟုတ်လားလို့ ငါ မင်းကိုမေးခဲ့တုန်းက မင်း ခေါင်းညိတ်ခဲ့တယ်မဟုတ်လား။

ခြောက်ခြားမှု၏ နောက်တွင် ယူကြိုးမရသည့် နောင်တများရှိနေသည်။ သည်းသောမိုးအောက်မှာ ကားအရှိန်သည် မြင့်သည်ထက် မြင့်လာပြီဖြစ်သည်။ မီးပွိုင့်များကို အနီရောင် အစိမ်းရောင်မခွဲနိုင်အောင် သူ့ခေါင်းများ ထုံနေသည်။

ရောက်စေချင်ပြီ။

ထက်ဝေယံ ပြောလာသည့်နေရာကို သူ ရောက်စေချင်ပြီ။

လူသွားအိမ်များ တဖြည်းဖြည်းကင်းရှင်းလာသည်။

ကြိုကြားပေါက်နေသော သစ်ပင်တစ်ချို့မှလွဲ၍ ကွင်းပြင်ကျယ်များသာရှိတော့သည်။

ကြော်ငြာဆိုင်းဘုတ်တစ်ခု...

ကျော်ပြီးသည်နှင့် မြေနီလမ်းသို့ချိုးကွေ့လိုက်သည်။ အရှိန်ကိုလျော့မထားသောကြောင့် ကားစတီရီယာတိုင်ကို အားကုန်ဆုပ်ကာ ပြန်တည့်လိုက်ရသည်။ ဗွမ်းခနဲစင်လာသော ရွှံ့ရေများက ကားနှစ်ဖက်မှာလွင့်စင်သွားသည်။ ကွေ့ချပြီး အတော်ဝေးဝေးရောက်မှ ကားဘရိတ်ကို ဖိအုပ်လိုက်မိသည်။ သူကွေ့ခဲ့သည့်လမ်းထောင့်၏ အုတ်ခုံပေါ်တွင် အရိပ်တစ်ခုရှိနေသည်။ ကားကို အရှိန်ကုန်နောက်ပြန်ဆုတ်ကာ ရပ်လိုက်ပြီးမှ လျှင်မြန်စွာ ဆင်းလာခဲ့သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now