ဘန်ကောက်မြို့...
ညအချိန်မို့ ကုန်းကျော်တံတားအောက်မှ လမ်းများတွင် ကားပေါင်းများစွာနှင့် ပြည့်ကြပ်နေသည်။
လင်းထိန်ကျယ်ပြန့်သော shopping mall မှတစ်ဆင့် ထက်ဝေယံ လမ်းကျော်ကုန်းတံတားအတိုင်း လျှောက်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ မကြာသေးခင်ကပင်ဝယ်လာခဲ့သည့် အထုပ်များနှင့် ပြည့်နေသည်။
"ဝေယံ..."
"Pa..."
ခပ်လှမ်းလှမ်းမှ ရပ်စောင့်နေသော ဖခင်ကို ထက်ဝေယံ လက်ပြနှုတ်ဆက်လိုက်သည်။
ဘန်ကောက်မြို့တွင် ဖခင်ဖြစ်သူနှင့် ထက်ဝေယံအတူတူနေသည်မဟုတ်သော်လည်း အခုလို မကြာခဏတွေ့ဆုံပြီး ညစာစားဖြစ်ကြသည်။ မှန်ချပ်များကာထား၍ လင်းထိန်တောက်ပသော မိုးမျှော်တိုက်များကို လှမ်းမြင်နေရသည့် စားသောက်ဆိုင်တစ်ခုတွင် သူတို့နှစ်ယောက် ညစာ စားဖြစ်ကြသည်။
"မင်း ဘာတွေဝယ်လာတာလဲ ဝေယံ..."
"ဒီလိုပါပဲ.."
ထက်ဝေယံ ခပ်အေးအေးဖြေကာ လက်ထဲရှိ ၀ိုင်ခွက်ထဲမှ ရှိန်းတိန်းတိန်းအရသာရှိသော ၀ိုင်ဖြူရည်ကို မော့သောက်လိုက်သည်။
ဘန်ကောက်မြို့သည် သူ့အတွက် လိုတရသည့် မြို့တစ်မြို့။ ဖြစ်ချင်တိုင်းဖြစ်ခွင့်၊ လုပ်ချင်တိုင်းလုပ်ခွင့်ရှိသည့်မြို့။ သူ သဘောကျသည့် ကောင်လေးတစ်ယောက်နှင့် တွဲသွားလည်း ဘယ်သူမှ အထူးတလည် လှည့်ကြည့်မနေ။
Club များမှာ ဆယ်မိနစ်လောက် စကားပြောဖူးသည်နှင့်လည်း သူ့တိုက်ခန်းကို လိုက်လာမည့် နိုင်ငံခြားသား လူငယ်များရှိသလို ချစ်စရာကောင်းသော ထိုင်းကောင်လေးများကလည်း ရွေးရတာပင် ခက်နေသည်။
ဒါပေမယ့်..
ဒါပေမယ့် ထက်ဝေယံ မပျော်တာတော့ ဘာ့ကြောင့်ဆိုတာ အထူး စဉ်းစားစရာမလို။
အခုအချိန်မှာ ထက်ဝေယံ အတွေးတိုင်းလိုလိုကို ကြီးစိုးနေသူ တစ်ယောက်သာရှိသည်။
"Pa.....သတိုးက နေရှင်းခ တို့အိမ်ကို ဘယ်လိုရောက်လာတာလဲ..."
ဖခင်ဖြစ်သူ သူ့ကို အံ့သြသလိုလှမ်းကြည့်လာသည်။
YOU ARE READING
ကြယ်တွေကြွေသောည