Final part 2

53.5K 3.3K 454
                                    

ညနေစောင်း နေရောင်ခြည်ဖျော့ဖျော့သည် လေညှင်း၏ တိုးဝှေ့ကစားမှုကြောင့် သစ်ရိပ်များကြားမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ နိမ့်ဆင်းလာသော နေမင်းနှင့်အတူ ရှည်လျားလာသော သစ်ရိပ်၊ တောင်ရိပ်များသည် အေးချမ်းသော တောင်ပေါ်ညနေခင်း၏အလှကို ပြည့်စုံနေစေသည်။ အိပ်တန်းပျံတော့မည့် ငှက်ငယ်များ၏ တီတီတာတာ အော်မြည်သံနှင့်အတူ ၀ါးပင်များကြားမှ တောင်ပေါ်လေ၏ တေးသီဆိုသံသည်လည်း လူးလွန့်ထွက်ပေါ်လာနေသည်။

တိတ်ဆိတ်အေးချမ်းသော ဘုရားကျောင်းငယ်လေးသည် တောင်ကုန်းမြင့်တစ်ခုပေါ်မှာ တည်ရှိနေသည်။ နီညိုရောင်ဆေးသုတ်ထားသော အုတ်နံရံများနှင့် တြိဂံပုံ ဘုရားကျောင်းခေါင်မိုးထက်မှ အဖြူရောင်လက်ဝါးကပ်တိုင်သည် အရာအားလုံးကို ငြိမ်းချမ်းမှုတစ်မျိုးဖြင့် လွှမ်းခြုံထားသည်။ တောင်ပေါ်ပန်းရိုင်းလေးများမှာလည်း လေညှင်းနှင့်အတူ ဟို ဒီ ယိမ်းနွဲ့ဆဲ။ ကုန်ဆုံးတော့မည့် နေ့အလင်းရောင်ကို နှုတ်ဆက်ကာ အိပ်ရာဝင်တော့မည်ဖြစ်ကြောင်း အပြုံးသဲ့သဲ့နှင့် ပြောနေကြဟန်။

သတိုး ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဘုရားကျောင်းရှေ့မှ တောင်ပေါ် လမ်းလေးကို မျှော်ကြည့်မိသည်။ သစ်ရိပ်၊ ၀ါးရိပ်များကြောင့် အဝေးဆုံးကို မြင်ရသည်တော့မဟုတ်။ ဒါပေမယ့် ကိုယ်ကိုရွေ့ကာ အတတ်နိုင်ဆုံး အဝေးဆုံးကို လှမ်းကြည့်သည်။

ရှင်းရာ.. လာပါတော့..

သူ့ စိတ်ထဲမှ ဒီ စကားကို ဘယ်နှစ်ကြိမ်မြောက် ပြောမိပြီလည်းမသိ။ သူ တစ်နေ့လုံး နေရှင်းခအလာကို စောင့်နေမိသည်။ ငြိမ်သက်စွာ တစ်နေရာထဲ ထိုင်နေလို့မရအောင်၊ စကားကို ရှေ့နောက်မမှန်အောင် ဘာတွေပြောလို့ ပြောမှန်းမသိ၊ ဘာတွေလုပ်လို့လုပ်မှန်းမသိအောင်ပင် စိုးရိမ်စောင့်စားနေမိခြင်းဖြစ်သည်။

"သတိုးရယ်.. ထိုင်စမ်းပါ.. နင့်ကိုကြည့်ပြီး ငါတောင် ညောင်းလာပြီ.."

ယမုံ ဆူပေမယ့် သတိုး မထိုင်။ လည်ကိုဆန့်ကာ ဟိုးအဝေးတစ်နေရာကို လှမ်းကြည့်သည်။

"ယမုံ.."

"ဘာလဲ.."

"ငါ့ အကျီင်္က ပုံကျရဲ့လား.."

ကြယ်တွေကြွေသောညWhere stories live. Discover now