Sequel 1 (Unicode)

39.1K 2.3K 20
                                    

ဒီ Sequel ကို ကြယ်တွေကြွေသောညရဲ့ ဇာတ်သိမ်းပိုင်း မတိုင်ခင် အချိန်က ပြန်စပြီး ရေးထားပါတယ်နော်။ဇာတ်လမ်းလေးဆက်ရေးဖြစ်အောင်အားပေးခဲ့ကြတဲ့ ညီမလေးသုန်နဲ့ အွန်လိုင်းစာဖတ်သူလေးတွေ၊ လိပ်ပြာနဲ့ W.I.N.E ဆိုတဲ့ ကဗျာလေးတွေနဲ့ ပံ့ပိုးကူညီပေးခဲ့တဲ့ ညီမလေး ဆုခြည်ကို (Hsuchiko365) နဲ့ ဂျစ်ပစီအိပ်မက်ဆိုတဲ့ ကဗျာလေးကို လက်ဆောင်ပေးခဲ့တဲ့ ညီမလေးဖြူဖြူမင်းခန့်၊ ဇာတ်ကောင်နာမည်လေးတွေ ရှာဖွေကူညီပေးခဲ့တဲ့ ညီမလေးနှင်းဟေမာန်နဲ့တခြားစာဖတ်သူများအားလုံး၊ လိုအပ်ချက်တွေကိုထောက်ပြသင်ကြားပေးခဲ့သူအားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါတယ်။ ဖတ်မှတ်ခဲ့ရတဲ့စာအုပ်တွေရဲ့ ပဲ့ကိုင်ရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ဒီနေရာကနေကျေးဇူးတင် ဂါရဝပြုလိုက်ပါတယ်။

Author

......


အဆင့်မြင့်ဟိုတယ်ကြီး၏ မီးဖိုဆောင်ခန်းမကြီးသည် လျှပ်စစ်မီးရောင်များအောက်မှာ တောက်ပြောင်သန့်ရှင်းနေသည်။ ပန်းကန်ဆေးစက်ဘေးမှာ ဆေးစရာ ပန်းကန်များမရှိတော့။ နောက်ဆုံးလက်ကျန်ဆေးရမည့် အိုးကြီးများနှင့် အစာထည့်သည့် ဖန်ဗူးများသာ ရှိတော့သည်။ အနက်ရောင် ဘောင်းဘီရှည်၊ ရှပ်အကျီင်္လက်ဖြူနှင့် ကုတ်အနက်ရောင် ထပ်ဝတ်ထားသော စားပွဲထိုးဝန်ထမ်းဖြစ်သည့် ဝဏ္ဏက ပန်းကန်ဆေးစက်မှ ထုတ်ပြီးသား ဓါးနှင့်ဇွန်းများကို အဝတ်သန့်တစ်ခုနှင့် ပြန်သုတ်နေသည်။ ဒါက နေရှင်းခ ဒီဟိုတယ်မှာ အလုပ်ဝင်ပြီးမှ ထပ်တိုးလာသည့် အလုပ်တစ်ခုဖြစ်သည်။ အရင်တုန်းကတော့ ပန်းကန်ဆေးစက်ကထွက်လျှင် သန့်ပြီးသားဆိုကာ ဘယ်သူမှ အလှုပ်ရှုပ်မခံကြ။ အခုတော့မရတော့။ ပန်းကန်ဆေးစက်မှ ထုတ်ပြီးလျှင်လည်း ဇွန်း၊ ဓါး၊ ခက်ရင်းတို့ကို အရောင်တောက်နေအောင် အဝတ်ခြောက်ဖြင့် ပြန်သုတ်ရသည်။

"မနက်ဖြန်အတွက် ၀ိုင်ဖြူတွေ ရေခဲသေတ္တာထဲ ထည့်ပြီးကြပြီလား။"

နေရှင်းခ၏ မေးခွန်းအဆုံးတွင် Chef de Partie တစ်ယောက်ဖြစ်သည့် ကိုကျော်ထက်က ဝဏ္ဏကို လှည့်ကြည့်သည်။ ဝဏ္ဏက kitchen boy ဖြစ်သည့် အောင်ကျော်ကို လှမ်းကြည့်သည်။ အောင်ကျော်က ဝဏ္ဏကို ပြန်ကြည့်သည်။ ထိုတွင် ဝဏ္ဏက ကိုကျော်ထက်ကို မျက်နှာငယ်လေးနှင့် ပြန်လှမ်းကြည့်သည်။ သူတို့သုံးယောက်ကိုကြည့်နေရင်း နေရှင်းခ၏ ဖြောင့်တန်းသော မျက်ခုံးနှစ်ခု စောင်းသွားသည်။ နဖူးလယ်မှာ အရေးအကြောင်းငယ်နှစ်ခု ရိပ်ရိပ်ပေါ်လာကာ မျက်နှာကမည်းသွားသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now