မြင့်မားလွန်းသော တောင်တက်လမ်းများကို ဖြတ်သန်းအပြီးမှာတော့ တိုက်အိမ်ငယ်များ၊ ပျဉ်ထောင်အိမ်ငယ်များကို စတင်ဖြတ်သန်းကာ သံတောင်ကြီးမြို့သို့ ရောက်လာခဲ့ကြသည်။
ရေပတ်လည်ဝိုင်းလျှက်ရှိရာ မြေကို ကျွန်းဟုခေါ်ပါလျှင် တောင်တန်းများပတ်လည်ဝိုင်းရံနေသော မြို့လေးကို သံတောင်ကြီးဟု အမှတ်ထားရမလားမသိ။ မြို့လေး၏ လျှပ်စစ်မီးရောင်လဲ့လဲ့က မထွန်းတောက်သော်လည်း အေးချမ်းသည်။
အထက်တန်းကျောင်းတစ်ခုကိုဖြတ်ကျော်ပြီးသည်နှင့် သူတို့အားလုံး တည်းခိုဖြစ်မည့် တည်းခိုခန်းကိုရောက်လာကြသည်။ ညနေချမ်း တောင်ပေါ်လေညှင်းက ကားထဲမှထွက်လာသူတိုင်းကို အေးစိမ့်စွာ ကြိုဆိုနေကြသည်။ ကွယ်ပျောက်သွားသောနေရောင်နှင့်အတူ ချမ်းအေးမှုက ပိုပြီးကဲလာပြီဖြစ်သည်။
"ခရီးပန်းလာကြပြီလားဝေ့.."
ပါးစောင်ထဲတွင် ကွမ်းယာအပြည့်ငုံထားကာ ၀မ်းသာအားရနှုတ်ဆက်လာသော ကရင်ဦးလေးကြီးမျက်နှာသည် အပြုံးပန်းများဖြင့် ဝေနေသည်။
တည်းခိုခန်းသည် နှစ်ထပ်တိုက်အိမ်တစ်ခုဖြစ်သည်။ အိမ်ခန်းထဲမှ မီးရောင်သည် အပြင်ကိုဖြာကျနေသည်။ ဆင်ဝင်မီးရှိဟန်မတူ။ အပြင်တွင် မမှောင်သေးပေမယ့် အလင်းရောင်သဲ့သဲ့သာ ကျန်တော့သည်။ ခြံထဲမှာ ကားနှစ်စီးလုံးရပ်ဖို့နေရာမရှိဘဲ တစ်စီးခန့်သာရပ်ရန်အဆင်ပြေသည်မို့ ကားကို ခြံပြင်မှာသာ ရပ်ခဲ့သည်။
"သာလိကာနဲ့ ပုစဉ်းရင်ကွဲပေါင်းပြီးမွေးလာတဲ့ မင်းရဲ့ညီနဲ့ ငါ တစ်ခန်းတည်း မနေဘူး..."
သတိုး ခြံထဲလှမ်းဝင်လာသည်နှင့် ကားကိုမှီရပ်နေသည့် ထက်ဝေယံ ကြေငြာသည်။ စီးကရက်ကို မီးရဲသွားသည်အထိ ရှိုက်ဖွာနေသည့် ထက်ဝေယံ၏ မျက်နှာသည် ပြိုင်ပွဲဝင်ခါနီး ကြိုးဝိုင်းထဲမှ လက်ဝှေ့သမားတစ်ယောက်နှင့် ဆင်ဆင်တူနေသည်။
ရဲသွေးငယ်ကိုတော့ အနီးအနားမှာမတွေ့ရ။
"အခန်းက အများကြီးမရှိဘူး ကိုလေးရ.."
ချမ်းစိမ့်သော လေအေးကြောင့် ဆွယ်တာခေါင်းစွပ်ကို စွပ်ရင်း သတိုး ဖြေရသည်။ သူတို့လေးယောက် တည်းခိုရန် အခန်းနှစ်ခန်းကို သတိုး ကြိုတင်ဖုန်းဆက်မှာထားခဲ့သည်။ သံတောင်ကြီးမြို့တွင် တကယ့်မြို့ကြီးပြကြီးများလို မိုးမြင့်ဟိုတယ်များရှိနေသည်မဟုတ်။ ထို့အပြင် ခရစ်စမတ်ပိတ်ရက်နှင့် တိုက်ဆိုင်နေ၍ ဧည့်သည်များချိန်ဖြစ်သည်။
YOU ARE READING
ကြယ်တွေကြွေသောည