သင်းပျံ့သော ပိတောက်နံ့များသည် သတိုး ပထမဆုံးသတိထားမိသည့် မနက်ခင်း၏ နှုတ်ခွန်းဆက်သံတစ်ခုဖြစ်နေသည်။
"သတိုး..."
ပိတောက်နံ့များကြားမှ ခပ်တိုးတိုးခေါ်သံတစ်ခု...
သူအရင်းနှီးဆုံး၊ အတောင့်တဆုံး အသံတစ်ခုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။
မျက်စိများကို ဖွင့်ကြည့်ချိန်ေ၀၀ါးသော သူ့အိပ်ခန်းကို ရှင်းလင်းစွာ မမြင်ရ။ သတိုးဘေးနားမှ ကုတင်ပေါ်တွင် ထိုင်နေသော နေရှင်းခရှိနေသည်။
"ထတော့ကွာ... မနက်ကိုးနာရီကျော်နေပြီ... ငါ ဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ..."
"အိပ်ချင်သေးတယ်.."
ငယ်စဉ်ကအကျင့်အတိုင်း နေရှင်းခရှိရာသို့ ကျောပေးကာ တစ်ဖက်လှည့်ကာ ဆက်အိပ်ရန်ကြိုးစားမိသည်။
သူ ညကညည့်နက်သည်အထိ အိပ်မပျော်ခဲ့။
စက္ကန့်အနည်းငယ်ကြာပြီးမှ သူ ညက အိပ်မပျော်ခဲ့ရသည့်အကြောင်းရင်းကို သတိုးသတိရသွားသည်။
ဝါ၀င်းသော ပိတောက်ပွင့်များ...
ချို မြိန်လွန်းသော အနမ်းတစ်ခု..
ထိုအနမ်းနောက်မှာ သတိုး အခန်းထဲမှ မထွက်ရဲတော့လောက်အောင် စိတ်တွေလှုပ်ရှားကာ ဗျာများခဲ့သည်။ တစ်ညလုံး ရှေ့ဆက်ရမည့် အနာဂတ်တစ်ခုအတွက် ကြည်နူးခြင်းရော ကြောက်ရွံ့ခြင်းပါ ပေါင်းကာ အတွေးပေါင်းမြောက်မြားစွာဖြင့် ယောက်ယက်ခက်နေခဲ့သည်။
ချက်ချင်းလိုလို သူ့ခေါင်းအောက်မှ ခေါင်းအုံးကိုဆွဲယူကာ မျက်နှာပေါ် ဖုံးတင်လိုက်သည်။
အခုအချိန်မှာ နေရှင်းခကို ဘယ်လိုရင်ဆိုင်ရမည်မသိ။
"ဟောဗျာ ..ဒါကဘယ်လိုဖြစ်ရတာလဲ..."
နေရှင်းခ သူ့မျက်နှာပေါ်မှ ခေါင်းအုံးကိုဆွဲဖယ်ဖို့ ကြိုးစားပေမယ့် သတိုးလက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ထားကာ မဖယ်ပေး။
"မရှက်ပါနဲ့ ကောင်လေးရာ.. မင်း မျက်နှာမသစ်ရသေးသရွေ့ ငါ မင်းနားက ဝေးဝေးနေမှာပါ..."
YOU ARE READING
ကြယ်တွေကြွေသောည