Part 5 (Unicode)

34.4K 3.2K 164
                                    

တိတ်ဆိတ်နေသည့် အိမ်ကြီးမှာ သူတစ်ယောက်တည်းရှိနေသလို သတိုးထင်မိသည်။ ကြီးမားခမ်းနားသလောက် အေးစက်သောအငွေ့အသက်များနှင့် ထိုအိမ်ကြီးသည် ရေခဲနန်းတော်တစ်ခုနှင့် ဆင်ဆင်တူနေသည်။ လှေကားအောက်ရှိ ရှေးဟောင်းတိုင်ကပ်နာရီကြီး၏ နာရီလက်တံမှ တချက်ချက်မြည်သံကလည်း အားငယ်ချင်နေသောသူ့အတွက် ကြောက်စရာကောင်းနေသည်။

ဖုန်များပေကျံနေသော အဝတ်စုတ်ကိုတင်းတင်းဆုပ်ရင်း အိမ်နောက်ဖေးထမင်းစားခန်းသို့ သတိုး လျှောက်လာခဲ့သည်။ ပြောင်လက်သော ဘဲဥပုံ ဖန်ထမင်းစားပွဲကြီးသည် ထမင်းစားခန်းအလယ်တွင် ခန့်ခန့်ကြီးရှိနေသည်။ အကောင်းစား သားရေအုပ်ထားသည့်အဖြူရောင် မှီထိုင်ခုံ ခြောက်ခုံသည်လည်း စားပွဲကြီးပတ်ပတ်လည်တွင်ရှိနေပြီး စားပွဲလယ်တွင် နာနတ်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ ပန်းသီးများထည့်ထားသည့် ယွန်းပန်းကန်ကြီးရှိနေသည်။

ထမင်းစားခန်းနှင့် မီးဖိုချောင်ကို ဆက်သွယ်ထားသော တံခါးကို တွန်းဖွင့်ရင်း သတိုးခေါင်းပြူကြည့်လိုက်သည်။ ဟင်းနံ့များ၊ ကြက်သွန်ကြော်နံ့များက နှာခေါင်းထဲ ထောင်းခနဲ တိုးဝင်လာသည်။ ကြွေပြားခင်းထားသော မီးဖိုခုံရှည်ပေါ်တွင်ကိုယ်ကိုကိုင်းကာ အလုပ်လုပ်နေသော ဒေါ်စိန်၏ ဝဖြိုးသောကိုယ်ခန္ဓာကို တွေ့လိုက်ရသည်။

"အဒေါ်..."

"အခုမှပေါ်လာလား။ ကောင်နာလေး။ မြန်မြန်လာ။ လှေကားတိုင်တွေဖုန်သုတ်လို့ ပြီးပြီလား။"

"ဟုတ်ကဲ့။"

"ဒီမှာလာ။ ကြက်သွန်လာလှီးစမ်း။ ဆီတောင်ဆူနေပြီ။"

ရေပိုက်နားမှ ကော်စဉ်းနီတုံးပြားပေါ်တွင် ဒေါ်စိန် ကြက်သွန်လှီးနေရာမှ ဓါးကို ဘေးချကာ မေးငေါ့ပြသည်။ တစ်ချိန်တည်းလိုလို ဂက်စ်မီးဖိုနားသို့ ဝတုတ်သောကိုယ်ခန္ဓာနှင့်မလိုက်အာင် သွက်လက်စွာလျှောက်သွားကာ မီးကိုအရှိန်လျှော့လိုက်သည်။ သတိုး တစ်စက္ကန့်မျှ အူကြောင်ကြောင်ရပ်နေမိပြီးမှ လက်ထဲမှအဝတ်စုတ်ကို ခုံပေါ်တင်ရင်း ဓါးကိုလှမ်းကိုင်လိုက်သည်။ ချက်ချင်းလိုပင် ဒေါင်ခနဲနေအောင် ခေါင်းခေါက်သံနှင့်အတူ ခေါင်းတစ်ခုလုံး နာ သွားသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now