ပိတ်မထားသော ခြံတံခါးမှ ကားကိုမောင်းဝင်ကာ အိမ်ရှေ့ဆင်ဝင်မှာ နေရှင်းခ ကားရပ်လိုက်သည်။
ဗဟန်းခြံကြီးသည် ပြောင်းလဲသွားခဲ့ပြီ။ သစ်ရွက်ကြွေများက ခြံတစ်ခြံလုံးပြည့်နေကာ မြက်ရိုင်းများသည်လည်း ပန်းပင်များကြား ပေါက်ရောက်နေသည်။ ခြံထောင့်မှ အပြာရောင်စားပွဲလေးမှာပင် ဖုန်များ၊ သစ်ရွက်ကြွေများ၊ သဲများကြောင့် အပြာရောင်မှန်းပင် မသိသာတော့။ အုတ်ခဲထောင့်ချွန်များနှင့် စီထားသော လမ်းလျှောက်လမ်းမှာလည်း အုတ်ပဲ့ အုတ်ကျိုးများသာကျန်တော့သည် အုတ်ပုံသာသာ။ ဒီလောက် အချိန်တိုအတွင်းမှာ ရစရာမရှိအောင် ဟောင်းနွမ်းစုတ်ပြတ်သွားသော ခြံကြီးကိုကြည့်ရင်း နေရှင်းခ ရင်နာမိသည်။
သူ့မိခင် နေမှကောင်းရဲ့လားမသိ။ ငယ်စဉ်ကတည်းက မုဆိုးမဘဝဖြင့် တစ်ယောက်တည်း ကျွေးမွေးပျိုးထောင်ခဲ့သည့် မိခင်ရင်ခွင်ကို သူ ခြေစုံကန်ခဲ့သလို ဖြစ်နေပြီ။ သွားတွေ့ဖို့မပြောနှင့်။ ဖုန်းပင် မဆက်ရဲခဲ့။ တကယ်ဆို သူ့မိခင်မှာ ဆွေမျိုးရင်းချာဟူ၍ သူ တစ်ယောက်သာ ရှိတော့သည်။ နေရှင်းခ နောင်တများစွာနှင့် အိမ်ခေါင်းလောင်းကို ဖိနှိပ်မိသည်။
ပွင့်လာသော တံခါးနောက်မှ ဒေါ်မေချို၏ မျက်နှာသည် အိမ်ကြီးလို ပျက်ယွင်းချင်နေသည်။ မျက်လုံးများမှ မာနရောင်ကတော့ အရင်လိုပဲ တောက်လောင်ဆဲပေမယ့် အဝတ်အစားများကတော့ အရင်လို တောက်တောက်ပြောင်ပြောင်မဟုတ်တော့။ အိမ်နေရင်း ရိုးရိုးအဝတ်အစားကိုပင် အရောင်တွဲကာ အဆင်လှမှ ဝတ်တတ်သည့် ဒေါ်မေချိုသည် ဖြစ်ကတက်ဆန်း ဝတ်ဆင်ထားသည်။
နေရှင်းခကိုတွေ့သည့်အတွက် အံ့သြဟန်မပြ။ တံခါးကိုဖွင့်ကာ ဝင်သာရုံ ကိုယ်ကိုရွှေ့ပေးသည်။ ဧည့်ခန်းဆိုဖာတွင် ဧည့်သည်တစ်ယောက်လို နေရှင်းခ ဝင်ထိုင်သည်။ သူ ကြီးပြင်းလာခဲ့သော အိမ်ကြီးသည် အခုတော့ သူ့အတွက် တစိမ်းဆန်နေသည်။ ဖုန်များက နေရာမလပ်ရှိနေသည်။ အခန်းထောင့်မှ စန္ဒရားကြီးကိုတွေ့မိချိန် နေရှင်းခ အဖွားကို ရင်နင့်အောင် သတိရမိသည်။ စန္ဒရားခုံမှာ သတိုးနှင့် ယှဉ်တွဲထိုင်လျှက် သင်ကြားတီးခတ်နေတတ်သော အဖွားဖြစ်သူ၏ ပုံရိပ်များကို ပြန်လည်မြင်ယောင်လာသည်။
YOU ARE READING
ကြယ်တွေကြွေသောည