Part 2 (Unicode)

46.6K 3.4K 139
                                    

သတိုး သူငယ်တန်းတက်ပြီး သုံးလပင်မပြည့်သေးသည့်အချိန်တွင် ဖခင်ဖြစ်သူ ရာထူးတိုးကာ မန္တလေးသို့ပြောင်းရွှေ့ရန် အမိန့်ကျလာခဲ့သည်။ နေရှင်းခနှင့်အတူ ကျောင်းတက်ခဲ့ရသော ထိုသုံးလသော အချိန်ကာလသည် သတိုးအတွက် အပျော်ဆုံးအချိန်များဖြစ်ခဲ့သည်။ မနက်မိုးလင်းတိုင်း မိခင်ဖြစ်သူမနှိုးမီကတည်းက အိပ်ရာမှထပြီးသားဖြစ်နေတတ်သည်။ ကျောင်းဝတ်စုံလဲရန်အတွက်လည်း မူကြိုတက်စဉ်ကလို ငိုယိုထွက်ပြေးခြင်းမရှိတော့။ မနက်တိုင်း အဖြူ၊အစိမ်း ကျောင်းဝတ်စုံနှင့်၊ သနပ်ခါး ပါးကွက်နှင့် နေရှင်းခ ဆင်းလာမည့် လှေကားဝမှာ သတိုးစောင့်နေတတ်သည်။

သတိုးမကျေနပ်တာဆို၍ သူ နေရှင်းခ ဆင်းအလာကို စောင့်နေချိန်တိုင်း ရှေ့ခန်းတံခါးမှ သုံးတန်းကျောင်းသူဖြစ်နေပြီဖြစ်သည့် ယမုံပါ နေရှင်းခကို ထွက်စောင့်နေတတ်ခြင်းဖြစ်သည်။ ပွင့်ယမုံကလည်း သတိုးကိုတွေ့သည်နှင့် မျက်နှာမဲ့၊ လျှာထုတ်ကာ မှန်ကြောင်၊ လေးလုံး၊ မျက်ပြူး မျိုးစုံပြောကာ လှောင်ပြောင်တတ်သည်။ သတိုးကတော့ ယမုံပြောလာသမျှ ဘာတစ်ခွန်းမှမကြားသလို ခပ်တည်တည် မျက်နှာလွှဲနေသည်ပဲဖြစ်သည်။ ကျောင်းသွားခါနီး အော်ငိုကာ သနပ်ခါးပျက်ရမည်ကို မလိုလား။

သူတို့သုံးယောက်တက်ရောက်ရာ မူလတန်းကျောင်းကြီးသည် အိမ်ရှေ့ကတ္တရာလမ်းကိုကူးလိုက်ရုံနှင့် ရောက်သည်ပဲဖြစ်သည်။ ကျောင်းဆောင်ဘေးတွင် ကက်သလစ်ဘုရားရှိခိုးကျောင်းတစ်ခုရှိနေပြီး ၎င်းရှေ့တွင် ကျယ်ပြန့်သောကစားစရာမြက်ခင်းပြင်ရှိသည်ဖြစ်၍ ကျောင်းမတက်သေးခင်နှင့် မုန့်စားကျောင်းဆင်းချိန်များတွင် ကျောင်းသားများ လွတ်လွတ်လပ်လပ် ကစားနိုင်ကြသည်။

ကျောင်းစစဖွင့်ချင်း သုံးလေးရက်ခန့်သာ သတိုးကို ဒေါ်ဟေမာ ကျောင်းလိုက်ပို့လိုက်ရသည်။ နောက်ပိုင်းတွင်တော့ လိုက်ပို့မည့် မိခင်ဖြစ်သူကိုပင်မောင်းထုတ်ကာ နေရှင်းခနှင့်သာ သတိုးကျောင်းသွားတော့သည်။ လမ်းကူးရုံနှင့် ကျောင်းရောက်သည့်အပြင် ကားအသွားအလာ မရှိသလောက်နည်းသည့် လမ်းသွယ်လည်းဖြစ်သည်မို့ ဒေါ်ဟေမာကလည်း သိပ်တော့စိတ်မပူမိ။

ကြယ်တွေကြွေသောညWhere stories live. Discover now