Sequel 14 (Unicode)

17.8K 1.6K 18
                                    

မြင့်မားလွန်းသော တောင်တက်လမ်းများကို ဖြတ်သန်းအပြီးမှာတော့ တိုက်အိမ်ငယ်များ၊ ပျဉ်ထောင်အိမ်ငယ်များကို စတင်ဖြတ်သန်းကာ သံတောင်ကြီးမြို့သို့ ရောက်လာခဲ့ကြသည်။ ရေပတ်လည်ဝိုင်းလျက်ရှိရာ မြေကို ကျွန်းဟုခေါ်ပါလျှင် တောင်တန်းများပတ်လည်ဝိုင်းရံနေသော မြို့လေးကို သံတောင်ကြီးဟု အမှတ်ထားရမလားမသိ။ မြို့လေး၏ လျှပ်စစ်မီးရောင်လဲ့လဲ့က မထွန်းတောက်သော်လည်း အေးချမ်းသည်။ မြို့လမ်းကျယ်ဟုပင် မဆိုနိုင်။ လမ်းမကြီးဟုသတ်မှတ်ရမည့် ကတ္တရာလမ်းသည် တကယ်တော့ ကားတစ်စီးဖြတ်ရုံ ကျဉ်းကျဉ်းလေးသာ ဖြစ်နေသည်။

မြို့သို့အဝင် အထက်တန်းကျောင်းတစ်ခုကိုဖြတ်ကျော်ပြီးသည်နှင့် သူတို့အားလုံး တည်းခိုဖြစ်မည့် တည်းခိုခန်းကိုရောက်လာကြသည်။ ညနေချမ်း တောင်ပေါ်လေညှင်းက ကားထဲမှထွက်လာသူတိုင်းကို အေးစိမ့်စွာ ကြိုဆိုနေကြသည်။ ကွယ်ပျောက်သွားသောနေရောင်နှင့်အတူ ချမ်းအေးမှုက ပိုပြီးကဲလာပြီဖြစ်သည်။

"ခရီးပန်းလာကြပြီလားဝေ့။"

ပါးစောင်ထဲတွင် ကွမ်းယာအပြည့်ငုံထားကာ ဝမ်းသာအားရနှုတ်ဆက်လာသော ကရင်ဦးလေးကြီးမျက်နှာသည် အပြုံးပန်းများဖြင့် ဝေနေသည်။ ဧည့်သည်တွေလာမည်ကို ကြိုသိထားနှင့်သောကြောင့် စောင့်ကြိုနေဟန်တူသည်။ တည်းခိုခန်းအပြင်မှ သူတို့အားလုံးကို ဆီးကြိုနေသည်။

တည်းခိုခန်းဟုဆိုသော်လည်း မိသားစုပိုင် အိမ်ကိုပင် အခန်းဖွဲ့ကာ တည်းခိုခန်းအဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။ နှစ်ထပ်တိုက်အိမ်တစ်ခုဖြစ်ပြီး အိမ်ခန်းထဲမှ မီးရောင်သည် အပြင်ကိုဖြာကျနေသည်။ ဆင်ဝင်မီးရှိဟန်မတူ။ အပြင်တွင် မမှောင်သေးပေမယ့် အလင်းရောင်သဲ့သဲ့သာ ကျန်တော့သည်။ ခြံထဲမှာ ကားနှစ်စီးလုံးရပ်ဖို့နေရာမရှိဘဲ တစ်စီးခန့်သာရပ်ရန်အဆင်ပြေသောကြောင့် ကားကို ခြံပြင်မှာသာ ရပ်ခဲ့သည်။

"သာလိကာနဲ့ ပုစဉ်းရင်ကွဲပေါင်းပြီးမွေးလာတဲ့ မင်းရဲ့ညီနဲ့ ငါ တစ်ခန်းတည်း မနေဘူး။"

သတိုး ခြံထဲလှမ်းဝင်လာသည်နှင့် ကားကိုမှီရပ်နေသည့် ထက်ဝေယံ ကြေငြာသည်။ စီးကရက်ကို မီးရဲသွားသည်အထိ ရှိုက်ဖွာနေသည့် ထက်ဝေယံ၏ မျက်နှာသည် ပြိုင်ပွဲဝင်ခါနီး ကြိုးဝိုင်းထဲမှ လက်ဝှေ့သမားတစ်ယောက်နှင့် ဆင်ဆင်တူနေသည်။ အချက်ပြသံကြားသည်နှင့် ပြိုင်ဖက်ကို အလဲထိုးတော့မည့်ဟန်။ ရဲသွေးငယ်ကိုတော့ အနီးအနားမှာမတွေ့ရ။

ကြယ်တွေကြွေသောညOnde histórias criam vida. Descubra agora