ကျယ်ဝန်းသော shopping mall ကြီးသည် အဲယားကွန်းကြောင့် အေးစိမ့်နေသည်။ ပိတ်ရက်ဖြစ်သောကြောင့် ပျားပန်းခတ်မျှ သွားလာနေသော လူကြီးလူငယ်များဖြင့် ပြည့်နေသည်။ အပေါ်ဆုံးထပ်ရှိ ကလေးကစားကွင်းနေရာမှ ကလေးငယ်များ၏ ရယ်သံများ၊ အော်ဟစ်သံများကို တစ်ခါတစ်ရံ ကြားနေရသည်။ မှန်လုံကာထားသော ရေခဲမုန့်ဆိုင်အတွင်းရှိ ထက်ဝေယံရှေ့မှ ရေခဲမုန့်ခွက်မှာ ပြောင်စင်နေပြီဖြစ်သည်။
ဦးရန်နိုင်ထွန်းရှေ့မှ ခွက်ထဲမှာတော့ တစ်ဇွန်း၊ နှစ်ဇွန်းသာ ခပ်စားထားသောကြောင့် အရာပင်မယွင်းသေး။ စတော်ဘယ်ရီ ရေခဲမုန့်လုံးဘေးမှ ကရမ် ရေခဲမုန့်လုံးငယ်မှာ ပဲ့ရုံသာ။ စတီးဇွန်းရှည်လေးမှာလည်း အချွန်ရှိရာဖက်သို့ အောက်စိုက်ထိုးထားသော တြိဂံပုံဘီစကွတ်ပြားလေးဘေးမှာ ငြိမ်သက်နေသည်။
"ပါး... ဗိုက်တွေပြည့်နေလား။ ကျွန်တော်ပဲ အနစ်နာခံပြီး စားပေးလိုက်မယ်။"
ထက်ဝေယံ ဖခင်ရှေ့မှ ရေခဲမုန့်ခွက်ကို သူ့ရှေ့ဆွဲယူကာ ဇွန်းအပြည့်ခပ်စားလိုက်သည်။ ပြီးမှ သူတို့ရှိရာ ဆိုင်ခန်းမှ လှမ်းမြင်နေရသော စာအုပ်ဆိုင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စာအုပ်တန်းတွေကြားမှာ ရဲသွေးငယ် ရှိနေသေးသည်။
သူ ရဲသွေးငယ်ကို ထိုစာအုပ်ဆိုင်ထဲမှာ တွေ့ထားသည်မှာ ကြာပြီ။ ဖခင်နှင့်အတူ ယခုဆိုင်ထဲဝင်ထိုင်ပြီး မကြာမီမှာပင် အောက်ထပ်ရှိ စာအုပ်ဆိုင်ထဲမှာ မတ်တတ်ရပ်လျက် စာအုပ်တစ်အုပ်ကို စူးစိုက်ဖတ်နေသည့် ရဲသွေးငယ်ကို သူ သတိထားမိသည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိပေမယ့် သူ ဆိုင်ထဲမှာထိုင်နေသည့် တစ်ချိန်လုံး မတ်တတ်ရပ်ပြီး စာဖတ်နေသည်မှာ ကြာလှပြီဖြစ်သည်။ မညောင်းညာဘူးလားမသိ။ စာအုပ်တစ်အုပ်ဝယ်ဖို့အရေး ဒီလောက်တောင် ရွေးရလောက်အောင် ဒီကောင်လေး ဇီဇာကြောင်လွန်းသည်။
"ဝေယံ.. မင်း ဘာ ငမ်းနေပြန်တာလဲ။"
"ဟာဗျာ..ပါး ကလည်း။"
ဦးရန်နိုင်ထွန်း တဟဲဟဲရယ်သည်။ ဆိုင်မှာ ထိုင်ပြီးကတည်းက အောက်ထပ်လွှာကို အကြိမ်တစ်ရာလောက် လှမ်းကြည့်နေသည့် သားဖြစ်သူကို သူ သတိထားမိသည်။ အဝေးမှဖြစ်သော်လည်း စာအုပ်ဆိုင်ထဲမှ မျက်နှာနုနု ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်သည် လူချောလေးတစ်ယောက်ဖြစ်သည်ကို သူလည်းသိသည်။ ထူးခြားသည်က ပုဆိုးနှင့် လည်ကတုံးကို ဟိုးရှေးခေတ်ကာလကလို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ့သားဖြစ်သူ ထက်ဝေယံတစ်ယောက် ဘယ်အချိန်ကစပြီး ဒီလို ရှေးဟောင်းပုံစံတွေကို စိတ်ဝင်စားသွားသည်မသိ။
YOU ARE READING
ကြယ်တွေကြွေသောည