Sequel 23 (Unicode)

15.6K 1.3K 8
                                    

"အန်တီ.. သမီးပြောနေတာ ကြားရဲ့လား။"

သူမရှေ့မှာ အရုပ်တစ်ရုပ်လို ထိုင်နေသည့် ဒေါ်မေချို့ကိုကြည့်ရင်း Yi Ling အားမလို၊ အားမရ ဖြစ်လာသည်။ ဒေါ်မေချိုသည် အပြောင်းလဲကြီး ပြောင်းလဲနေပြီဖြစ်သည်။ အရင်တစ်ခေါက် သူမ လာခဲ့စဉ်ကလို တောက်ပထက်မြက်သည့် အမျိုးသမီးကြီးတစ်ယောက် မဟုတ်တော့။ ရုပ်ရည်အိုစာသွားသည်။ အဝတ်အစားများမှာလည်း တောက်ပြောင်မှုမရှိတော့။

ဒေါ်မေချို့နည်းတူ အိမ်ကြီးသည်လည်း အိုမင်းမှေးမှိန်နေသည်။ နံရံမှာ ပန်းချီကားတွေ မရှိတော့။ အရင်တစ်ခေါက် သူမရောက်ခဲ့စဉ်က ရှိနေခဲ့သည့် အကောင်းစားပရိဘောဂများကိုလည်း မတွေ့ရတော့။ ဖုန်အလိမ်းလိမ်းနှင့် အိမ်ကြီးကို တစ်ချက်ဝေ့ကြည့်ရင်း Yi Ling မသိမသာနှာခေါင်းရှုံ့လိုက်သည်။ နေရှင်းခနှင့် သူမ မယူဖြစ်တာကိုပဲ ကျေးဇူးတင်ရမည်။

"အန်တီ ဘာဆက်လုပ်ရမလဲ သမီး။ ရှင်းခက အန်တီ့စကား နားမထောင်တော့ဘူး။"

ဒေါ်မေချို၏ စကားသံသည် ငိုသံပါနေသည်။ အမြဲတမ်း မျက်နှာချီကာ ရင်မော့နေတတ်သည့် အမျိုးသမီးကြီးသည် အခုအချိန်မှာတော့ အားကိုးစရာမရှိတော့သူတစ်ယောက်လို သနားစရာကောင်းနေသည်။

Yi Ling စိတ်ပျက်လက်ပျက်နှင့် ပြန်ထွက်သွားချင်စိတ်တောင် ပေါက်လာသည်။ သူမလာခဲ့စဉ်က နေရှင်းခနှင့် သတိုးတို့ လက်ထပ်တော့မည်ဆိုသည့်အကြောင်းကို ဒေါ်မေချိုကို ပြောပြမည်။ ဒေါ်မေချိုက အကြီးအကျယ်ဒေါသဖြစ် ပေါက်ကွဲကာ မရ ရအောင် တားလိမ့်မည်ဆိုသော မျှော်လင့်ချက်နှင့်ဖြစ်သည်။ နေရှင်းခကို သူမ လက်ထပ်ဖို့ စိတ်မကူးတော့ပေမယ့် သတိုးနှင့်တော့ မရစေရ။ ဒါက သူမရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်သည်။ အခုတော့ စစ်မရောက်ခင် မြှားကုန်နေသည့် သူမရှေ့မှ ဒေါ်မေချို့ပုံစံကိုကြည့်ရင်း အားမလို အားမရဖြစ်လာသည်။

"ဒါကတော့ အန်တီရယ်။ သတိုးကြောင့် မွှန်နေတာကိုး။"

"ဟုတ်တယ်။ ဒင်းကြောင့်.."

ဒေါ်မေချို့ မျက်လုံးများက ဒေါသရောင်တောက်လာသည်။ မျက်နှာမှာသာမက လည်ပင်းထိပါ နီရောင်လွှမ်းသွားသော ဒေါ်မေချို၏ ဒေါသသွေးရောင်ကိုကြည့်ရင်း Yi Ling ပြုံးလိုက်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now