Extra 1 (Unicode)

26.3K 1.6K 34
                                    

နေရောင်ခြည်အလင်းတန်းများသည် လင်းလက်သော အလင်းတန်းများအဖြစ် ရေလှိုင်းများကြား တိုးဝင်နေသည်။ ကြည်လင်သော ရေလှိုင်းများသည် အပြာရောင်ကျောက်ပြားများကြောင့် ရေပြာကန်တစ်ခုလို အသွင်ပြောင်းနေသည်။ ဟိုသည်လှုပ်ခါယိမ်းနေသောကြောင့် ရောင်ပြန်ဟပ်နေသော အလင်းတန်းတစ်ချို့သည် ထက်ဝေယံ မျက်နှာထက်မှာ ဖြတ်သန်းနေသည်။ နေကာမျက်မှန်ကို တပ်ထားသောကြောင့် အလင်းတန်းများသည် သူ့အတွက်တော့ အနှောင့်အယှက်မဟုတ်။ ထက်ဝေယံ လက်ကြားထဲမှ စီးကရက်သည် မီးသေနေပြီဖြစ်သည်။ သူ့ရှေ့မှဘီယာသည်လည်း မအေးတော့။ မလှမ်းမကမ်းတွေ အသင့်စောင့်နေသော စားပွဲထိုးလေးကို လက်ယပ်ခေါ်ပြီး နောက်တစ်ဗူးပြောင်းခိုင်းလိုက်သည်။

"ကျွန်တော့်အတွက်ပါ တစ်ဗူး အပိုယူခဲ့ပေးပါ။"

"သတိုး..မင်း နောက် ကကွက်အတွက် အဝတ်အစားလဲရဦးမယ်မဟုတ်လား။"

"နားပါရစေဦး ကိုလေးရာ။"

ထက်ဝေယံဘေးနားမှ ခြေဆင်းထိုင်ခုံရှည်တွင် သတိုး ကျောမှီထိုင်လိုက်သည်။ လက်နှစ်ဖက်ကို နောက်ပစ်ရင်း မျက်လုံးများကို မှိတ်ထားသည်။ ဒီနေ့ သတိုးခန့်ရဲ့ အခွေမထွက်ခင် အမီ music video ရိုက်နေကြခြင်းဖြစ်သည်။ ထက်ဝေယံ ထုံးစံအတိုင်း တော်ရုံနှင့်မကျေနပ်။ အကောင်းဆုံးဖြစ်စေချင်သည်။ အဆန်းဆုံးဖြစ်စေချင်သည်။ အဆက်မပြတ် လှုပ်ရှားနေသော ရေကြည်များကြားမှ ရောင်ပြန်များသည် သူ လိုချင်နေသည့် ရိုက်ကွင်းတစ်ခု။ ရေကူးကန်ဘေးနားမှ မြက်ခင်းစိမ်းစိမ်းနှင့် အလှစိုက်ထားသော စွန်ပလွံပင်ပေါက်ငယ်များနှင့် ဒီရေကန်ကို သူ မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သိပ်မကြာခင်မှာပဲ အေးစက်နေသော ဘီယာနှစ်ဗူးကို စားပွဲထိုးလေးက သူတို့ဘေးမှာ လာချပေးသည်။

"အလုပ်လုပ်နေချိန်မှာ ဘီယာမသောက်ရဘူးဆိုတာ မင်း မသိဘူးလား။"

သတိုး မဖြေ။ ပြုံးရုံသာပြုံးသည်။ စားပွဲထိုးလေး ကမ်းပေးလာသော ဘီယာဗူးကိုယူကာ အမြှုပ်မထအောင် ဖန်ခွက်ကိုတစောင်းကိုင်ကာ ခပ်ဖြည်းဖြည်းထည့်သည်။ ပြီးမှ ဖန်ခွက်ရှည်ကို မြှောက်ပြရင်း cheers ဟု ပြောကာ ပါးနှစ်ဖက်ဖောင်းသည်အထိ တစ်ငုံသောက်ပြီး ရယ်နေသည်။

ကြယ်တွေကြွေသောညHikayelerin yaşadığı yer. Şimdi keşfedin