နေ့လည်ခင်းနေရောင်သည် သစ်ရွက်များကြားမှ စူးဖောက်ကျရောက်နေသည်။
လျှော်ပြီးသား အိပ်ရာခင်းများကို ခြံထဲမှ ကြိုးတန်းတွင် သတိုး ဖြန့်လှန်းလိုက်သည်။ အဖွား၏ အိပ်ရာခင်းရော စောင်ရော ခေါင်းအုံးစွပ်များပါ အကုန်လျှော်ပြီး အသစ်လဲပေးထားခဲ့သည်။ တစ်ပတ်တစ်ခါ ဒီအလုပ်ကို သူ လုပ်နေကျဖြစ်သည်။ အဖွားကလည်း အသန့်အပြန့်တော့ကြိုက်သည်။ ခေါင်းအုံးစွပ်ဆိုလျှင်လည်း လျှော်ပြီးသား ဆပ်ပြာနံ့သင်းရုံမက မီးပူတိုက်ပြီး ဆန့်နေမှကြိုက်သည်။
အခုအိမ်တွင် ထမင်းချက် ဒေါ်စိန်ရော ဦးကရင်ကြီးပါ မရှိကြတော့။ နှစ်ယောက်စလုံး အလုပ်သစ်ရှာကာ ထွက်ခွာသွားကြပြီဖြစ်သည်။ အိမ်အလုပ်အကုန် သတိုးအကုန်လုပ်ရပေမယ့် တစ်ချက်မညည်းမိ။ အဖွားအသက်ကြီးမှ သက်တောင့်သက်တာနေရဖို့သည် သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။
"သတိုး.."
"ဗျာ အန်တီ.."
သတိုး နောက်တွင် ဒေါ်မေချို ရပ်နေသည်။
"မင်းကိုပြောစရာရှိလို့.. ဟို.."
တစ်သက်လုံးတွင် သတိုးကို အားနာသည့်အကြည့်နှင့် ဒေါ်မေချိုကြည့်သည်မှာ ဒီတစ်ခါ ပထမဦးဆုံးဖြစ်သည်။
"ပြောပါ အန်တီ.. ဘာဖြစ်လို့လဲ."
"ဦးကရင်ကြီးရော ဒေါ်စိန်ပါ တန်းလျားမှာမရှိတော့ နေရာတွေလည်း လွတ်နေတယ်.. မင်းလည်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့.. ဒါနဲ့ အန်တီစဉ်းစားမိတာက..."
သတိုး လက်ထဲမှ ရေစိုနေသော စောင်ကို ဖိကိုင်မိသွားသည်။ ဒေါ်မေချို သူ့ကိုမကြည့်။ သူ့ကို အိမ်ပေါ်မှဆင်းကာ အစေခံတန်းလျားသွားနေရန် သွယ်ဝိုက်ပြောလာနေသည်ကို ချက်ချင်းနားလည်လိုက်သည်။
ဝမ်းနည်းပေမယ့် နားလည်ပါသည်။
နာကျင်ပေမယ့် လက်ခံနိုင်ပါသည်။
သူ့ကိုတစ်သက်လုံး နှိမ်လာပေမယ့် အခုကိစ္စသည် ဒေါ်မေချိုနှင့်မသက်ဆိုင်ကြောင်းကိုပါ သူ သိသည်။
"နေရှင်းခ ဘယ်တော့ပြန်ရောက်မလဲ အန်တီ..."
"သဘက်ခါ သတိုး.."
YOU ARE READING
ကြယ်တွေကြွေသောည