လမ်းဆုံမီးပွိုင့်သည် အဝါရောင်မှ အနီရောင်သို့ ပြောင်းသွားသည်။ သတိုးသတိပေးလိုက်ခြင်းကြောင့်သာ ထက်ဝေယံ ကားဘရိတ်ကို အချိန်မီ နင်းလိုက်နိုင်ခြင်းဖြစ်သည်။ ကတ္တရာလမ်းနှင့် ကားဘီးပွတ်တိုက်သံက ကျယ်လောင်စွာထွက်ပေါ်လာသောကြောင့် လမ်းဘေးဝဲယာမှ လူများ အလန့်တကြား ဖြစ်ကုန်သည်။
"ကိုလေးမောင်းတဲ့ကားကို အမြဲစီးရင် ကျွန်တော် အသက်တိုမှာသေချာတယ်။"
"အေး.. နောက်တစ်ခါနွားလှည်းသွားစီး။"
ထက်ဝေယံ ကားရှေ့မှန်အောက် ပစ်ထည့်ထားသော စီးကရက်ဗူးကို လှမ်းယူကာ သတိုးကို တစ်လိပ်ကမ်းပေးလိုက်သည်။ မိမိကိုယ်တိုင် စီးကရက်တစ်လိပ်ကို နှုတ်ခမ်းကြားတပ်လိုက်ပြီးနောက် အနီရောင်မှ အစိမ်းရောင်ပြောင်းသွားသော မီးပွိုင့်ကြောင့် ဂီယာထိုးကာ မောင်းထွက်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာ လုံးဝမထင်မှတ်ထားသော အပြုအမူတစ်ခုကို သတိုးပြုလုပ်သွားသည်။ မောင်းထွက်ကာစ ကားပေါ်မှ တံခါးဖွင့်ကာ ဆင်းချသွားခြင်းဖြစ်သည်။
"ဟာ.. ဟေ့ သတိုး.."
ထက်ဝေယံ အလန့်တကြားအော်မိသည်။ ဝုန်းခနဲ ဘရိတ်ကိုစောင့်ဖိလိုက်သည်။ လမ်းဆုံတစ်ခုလုံး ဟွန်းသံတွေ ကားဘရိတ်အုပ်သံတွေနှင့် ဆူညံသွားသည်။ ထက်ဝေယံ မျက်လုံးများ ပြာကုန်သည်။ ရုတ်တရက်ကြီး ဘာတွေဖြစ်သွားမှန်းပင် မသိလိုက်။ ကားတွေရှေ့မှာ လမ်းဖြတ်ကူးပြီး ပြေးနေသည့် သတိုး။ ကားပေါ်မှဆင်းပြီး သတိုးနောက်မှ အားကုန်ပြေးလိုက်ကာ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။
"သတိုး မင်း သေချင်နေတာလား။"
"ကိုလေး.. ဖေဖေ.."
သတိုး အသံတွေတုန်နေသည်။ တစ်ဖက်လမ်းကို လက်ညှိုးထိုးပြနေသော လက်များသည်လည်း တဆတ်ဆတ်တုန်နေသည်။ မျက်လုံးများက ၀ိုင်းကျယ်နေသည်။ ထက်ဝေယံ ရင်ထဲ ကျင်သွားသည်။ သတိုးကို သတိုး၏မိဘများက နေရှင်းခအိမ်မှာ ထားသွားခဲ့ကာ ပြန်လာမခေါ်တော့သည့် နောက်ကြောင်းကို သူ သိထားသည်။ သတိုးနှင့် သူ့ မိဘတွေ အဆက်အသွယ်မရှိတော့တာ ကြာခဲ့ပြီဆိုတာကလည်း သူ သိထားသည်။
YOU ARE READING
ကြယ်တွေကြွေသောည