extra(3)

28.1K 2.1K 12
                                    

1..
2..
3..
ဓါတ်လှေကားထဲမှ နံပါတ်စဉ်များကို ညွှန်ပြထားသော အ၀ါရောင်မီးပွင့်သည် တဖြည်းဖြည်းပြောင်းလဲနေသည်။ လင်းလိုက်၊ မှိတ်လိုက်ဖြစ်နေသော ကိန်းဂဏန်းများသည် ရွေ့လျားနေသော ဓါတ်လှေကား၏ လမ်းညွှန်မှတ်တိုင်များဖြစ်သည်။ ထက်ဝေယံ မတ်မတ်ရပ်ချင်စိတ်မရှိတော့။ ဒူးကွေးထိုင်ချကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ခေါင်းမှောက်ထားမိသည်။
သူ ပင်ပန်းလွန်းနေပြီ။
ရိုက်ကွင်းပြီးချိန်သည် ည ၁၁ နာရီဖြစ်ပေမယ့် အားလုံးကိုနှုတ်ဆက်ရသည်ရော၊ နောက်သီချင်းများအတွက် ပြင်ဆင်ရမည်များကို ဒါရိုက်တာ၊ ဓါတ်ပုံဆရာတို့နှင့် စကားပြောနေရသဖြင့် သူ အိမ်ပြန်ရောက်ချိန်သည် ည တစ်နာရီပင် ရှိတော့မည်ဖြစ်သည်။ ခေါင်းငုံ့ထားသောကြောင့် ဖိနပ်ကြိုးချည်ထားသည့်နေရာက မခိုင်တော့တာကို မြင်ရသည်။ အဖြူရောင်ဖိနပ်ကြိုးငယ်သည် လျော့ရဲရဲဖြစ်နေပြီ။ "ဟပ်ထိုးလဲမယ်လေဗျာ.. သေချာကြိုးချည်ဦး" ဟု မကြာခဏပြောတတ်သည့် ကောင်လေးတစ်ယောက်ကို မြင်ယောင်မိတော့ သူ သက်ပြင်းချမိသည်။
အခုအချိန်မှာ သူ့အတွက် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုမည်ဖြစ်သည်။
10..
11..
12..
ဘာလို့ဒီလောက်တောင် ကြာနေတာလဲ။
အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ တက်လိုက်၊ ဆင်းလိုက် သူ လုပ်နေကြပါ။ ၂၄ ထပ်မှာရှိသော သူ့တိုက်ခန်းကိုရောက်ဖို့ ဘယ်တုန်းကမှ ဒီလောက်အချိန်ကြာသည်ဟု သူ မထင်ခဲ့။ လေးဘက်လေးရံမှ ကာရံထားသော ဓါတ်လှေကားအခန်းငယ်သည် သူအသက်ရှူမ၀အောင် မွန်းကြပ်လာနေစေသည်။
မင်း ရဲသွေးကို တကယ်ရော ချစ်ရဲ့လား ဝေယံ..
နေရှင်းခ၏ အမေးက သူ့နားထဲက မထွက်။ ဆံပင်လိပ်များကို ထိုးဖွရင်း ဓါတ်လှေကားနံရံမှာ ထင်နေသော သူ့ပုံရိပ်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်မိသည်။ အမည်းရောင်လိုင်နာထည့်ထားသော မျက်လုံးမည်းများက ထင်းနေသည်။ လေးထောင့်မကျတကျ မျက်နှာထက်မှာ ရှုပ်ပွနေသော ခရမ်းရောင်လှိုင်းတွန့်ဆံပင်များရှိနေပြီး ဆံပင်လိပ် တစ်ချို့က သူ့နဖူးပေါ်ကျနေသည်။
အရယ်အပြုံးမရှိသည့် မျက်နှာသေတစ်ခု။
နူးညံ့မှုမရှိသည့် မျက်လုံးတစ်စုံ။
"မင်းကရော ငါ့ကို တကယ်ချစ်ရဲ့လား ရဲသွေး.."
နှုတ်ခမ်းလှုပ်ရုံ သူ တိုးတိုးလေး မေးမိသည်။ မေးခွန်းအဆုံးမှာ သူ ခံစားရသည်က စူးအောင့်နာကျင်မှုတစ်ခု။ ၀မ်းဗိုက်ကြွက်သားများကိုရေဘ၀ဲတစ်ကောင်အစုပ်ခံရသလို အောင့်လာသည်။ ထိုဒဏ်ရာက ၀ဲဘက်ရင်အုံထိ ရောက်လာကာ လည်ချောင်းတစ်လျှောက်ကိုပါ တစ်ဆို့လာစေသည်။ မွန်းကြပ်လာစေသည်။
ရေကန်ထဲ ဆွဲနှစ်ခံရသလို။
အသက်ရှူမ၀တော့။
မွန်းကြပ်မှုကို တွန်းလှန်ဖို့ တံတွေးတစ်ချို့ကို ကြိုးစားမြိုချချိန်မှာ သူ့မျက်လုံးတွေ ပူစပ်လာသည်။ အမြင်တွေေ၀၀ါးလာသည်။ မယုံကြည်နိုင်စွာ လက်ဖနောင့်ဖြင့် မျက်စိထောင့်စွန်းကို ဖိပွတ်မိချိန် သူ့လက်ဖ၀ါးပေါ်မှာ တင်ကျန်ခဲ့သည်က မျက်ရည်စတွေပါ။
ထက်ဝေယံ နာကျင်စွာ ပြုံးဖြစ်သည်။
တစ်သက်လုံး လူတွေမုန်းအောင် ဘယ်လိုနေရမလဲဆိုတာပဲ သူ သိခဲ့သည်။ သူ့ကို ချစ်အောင် ဘယ်လိုနေရမလဲဆိုတာ သူ ဘယ်တုန်းကမှ မသိခဲ့။
စကားလုံးလှလှတွေ မသုံးတတ်။
လက်ဆောင်လှလှလေးတွေ မ၀ယ်ပေးတတ်။
ရဲသွေးငယ် သူ့နားမှာ နေပျော်အောင် သူ ဘာမှ မလုပ်ပေးတတ်ပါ။
အခုလည်း သူ ဘာဆက်လုပ်ရမလဲ။
တစ်ခုပဲ အရမ်း စိုးရိမ်သည်။
ရဲသွေးငယ်သူ့ကိုမုန်းသွားမှာကို ဖြစ်သည်။
22..
23..
24..
အချက်ပေးသံနှင့်အတူ ဓါတ်လှေကား၏ ရွေ့လျားမှုများ ရပ်တန့်သွားခဲ့သည်။ ပိတ်စေ့ထားသော တံခါးနှစ်ချက် ပြိုင်တူပွင့်သွားချိန် လေပူတစ်ချက်ကို မှုတ်ထုတ်ကာ ထက်ဝေယံ ထိုင်နေရာမှ ထဖြစ်သည်။ ဘောင်းဘီအိတ်ထဲမှ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းထောင့်တပ်ရင်း ရှေ့ဆက်လျှောက်လာခဲ့သည်။ မီးညှိုဖို့ မီးခြစ်ရှာနေရာမှ သူ့အိမ်သော့ထုတ်ရမှာကို သတိရသည်။
"ကျစ်... ကားထဲမှာကျန်ခဲ့လို့ကတော့ကွာ..."
ဘောင်းဘီအိတ်ကပ်နှစ်ဖက်စလုံးကို လက်ထိုးရှာရင်း စိတ်တွေညစ်ကုန်သည်။ နောက်တစ်ကြိမ် ဒီဓါတ်လှေကားထဲပြန်ဝင်ချင်စိတ် သူ့မှာ မရှိတော့။ ဘောင်းဘီအိတ်ကပ်ထဲမှာမရှိတော့ သားရေဂျာကင်အိတ်ကပ်ထဲ လက်ထည့်ပြီး ဆက်ရှာသည်။
အေးစက်နေသည့် သော့ငယ်၏ အတွေ့ကို လက်ဖျားထိပ်မှာ စမ်းမိမှ စိတ်အေးသွားသည်။ သော့ကို ဆွဲထုတ်ရင်း အခန်းတံခါးရှိရာ လှမ်းအကြည့် မြင်လိုက်ရသည့် အရိပ်တစ်ခုကြောင့် သူ့နှုတ်ခမ်းများ မသိမသာ ပွင့်ဟသွားသည်။
လွယ်အိတ်ကို ရင်မှာပိုက်ကာ သူ့အိမ်ရှေ့တံခါးဘေးမှာ ရပ်နေသည့် ကောင်လေးတစ်ယောက်။
တံခါးဘေးမှနံရံကို မှီရပ်နေပေမယ့် မျက်နှာကို ငုံ့ထားသည်။ တခြမ်းစောင်းမြင်နေရပေမယ့် ရွှင်လန်းမှုမရှိသော မျက်လုံးများက ခပ်လှမ်းလှမ်းမှ ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေသည်။ လွယ်အိတ်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ ရဲရဲပင် အသက်မရှူရဲသလို။
"ရဲသွေး..."
ထက်ဝေယံ၏ ခေါ်သံမှာ မယုံကြည်မှုတစ်ချို့ ရောစွတ်ပါဝင်နေပါသည်။

ကြယ်တွေကြွေသောညNơi câu chuyện tồn tại. Hãy khám phá bây giờ