Chapter 17

42.6K 3.3K 172
                                    

ဧည့်ခန်းရှိ စန္ဒရားခြေရင်းတွင် သတိုးနှင့်အမွှာနှစ်ယောက်တို့ ၀ိုင်းပတ်ထိုင်နေကြသည်။

သူတို့၏ ဘေးနား ပတ်ပတ်လည်တွင် မှတ်စုစာအုပ်၊ သီချင်းစာရွက်များဖြင့် ပြည့်နှက်နေသည်။ နားကြပ်ကို ပခုံးပေါ်တွင်ချိတ်ထားပြီး ဂစ်တာကိုလက်မှာပိုက်ထားသော သတိုးမျက်နှာသည် ရှုံ့မဲ့နေသည်။

"ဒီနေရာကွာ.. ငါဘယ်လိုမှ သဘောမကျဘူး..."

"သတိုးရာ... မင်းကလည်း စာသားကိုပဲ အပြစ်ပြောမနေနဲ့.. သံစဉ်ကိုက ထောက်နေတာ..."

ဇော်မိုးပြောသည်မှာ မှန်နေသည်မို့ သတိုးခေါင်းကုတ်မိသည်။

သူက စာသားကို သိပ်မကျွမ်းကျင်။ ခေါင်းထဲဝင်လာသည့် ဂီတသံစဉ်များကို သီချင်းတစ်ပုဒ်ဖြစ်အောင် အရင် ဖွဲ့ဆိုပြီးမှ လိုက်ဖက်သည့် စာသားကိုရှာတတ်သည်။ သံစဉ်ကိုသာ ခံစားတတ်သော သူ့အတွက် စကားလုံးများနှင့် ပေါင်းစပ်ရသည်မှာ တကယ့်ကိုစိန်ခေါ်မှုတစ်ခုဖြစ်သည်။

"နေစမ်းပါဦးကွာ.. ငါ ပြန်တီးကြည့်ဦးမယ်.."

သတိုး နောက်တစ်ကြိမ် အစမှ ပြန်စကာ သံစဉ်ကို တီးခတ်လိုက်သည်။

သူ့ရေးစပ်သော သီချင်းများသည် pop rap နှင့် R&B style မျိုးဖြစ်သည်။ သူ ထစ်နေသော နေရာအရောက်မှာ တစ်ကယ်ပင် အဆင်မပြေ။

"နေစမ်းပါဦး.. စာသားကို ပြင်ရင်ရော.."

မိုးဇော်ကပါ ၀င်ပြောလာသည်။

သတိုးပြန်ဖြေချိန်မရလိုက်။ ဇော်မိုးက ညီဖြစ်သူ၏ ခေါင်းကို ဖောင်းခနဲနေအောင် ရိုက်ချသည်။

"ဟာ.. မရောင်ရာ ဆီလူးနေလို့ ပြီးမလားကွ..."

"DAW လေးများရှိလို့ကတော့ကွာ..."

digital audio workstation...

သူတို့အနေအထားနှင့် ဘယ်လိုမှလက်လှမ်းမမီသည့် အရာတစ်ခု။

"မင်းတို့နှစ်ယောက် တိတ်တိတ်နေစမ်းကွာ.. ခေါင်းရှုပ်ရတဲ့ကြားထဲမှာ.."

သတိုးလက်ထဲမှ ဂစ်တာကို မိုးဇော်လက်ထဲထည့်ကာ ကြမ်းပြင်မှာ ၀မ်းလျားမှောက်ချလိုက်သည်။ ရေးလက်စ မှတ်စုစာအုပ်ထဲမှ သီချင်းစာရွက်ကို စိုက်ကြည့်ကာ ဘာလိုနေသည်ကို စဉ်းစားမရ။

ကြယ်တွေကြွေသောညWhere stories live. Discover now