Chapter 39

40.7K 3.3K 441
                                    

"လိုက်ခဲ့စမ်းပါ.."

ခြိမ်းခြောက်သံပါသော နေရှင်းခ အသံကြောင့် အေး အေး ပြီးရော ဆိုပြီး ထက်ဝေယံ ခေါင်းမြန်မြန်ညိတ်လိုက်သည်။

"ရှင်း.. ငါ ကိုလေး ကားနဲ့ လိုက်ခဲ့မယ်... မင်း သွားနှင့်.."

သတိုးက သူ့နောက်မှ ပြေးလိုက်လာတော့ နောက်တစ်ကြိမ် ထက်ဝေယံ အံ့သြရပြန်သည်။ ဒီ ည အားလုံးပေါင်းကာ တကယ်ပင် သူ့ကို ရူးအောင် လုပ်နေကြသည်ထင်သည်။ ကားနီလေး ပြဇာတ်ရုံဝင်းထဲ ကွေ့ထွက်သည်နှင့် ထက်ဝေယံ မနေနိုင်စွာ မေးမိသည်။

"မင်းက ဘာလို့ ငါ့ကားနဲ့ လိုက်လာရတာလဲ.."

"ကိုလေးကို ကျေးဇူးတင်တဲ့အကြောင်း ကျွန်တော် အခုထိ သေသေချာချာ မပြောရသေးလို့.."

သူ့ကို သတိုးလှည့်ကြည့်နေသည်မှာ သေချာသည်။ ဒါပေမယ့် ထက်ဝေယံ သတိုးကို လှည့်မကြည့်ရဲ။ ရင်ခုန်ရလွန်းသဖြင့် နှလုံးခုန်ရပ်သွားမည်ကို သူ ကြောက်သည်။

"ပြိုင်ပွဲအတွက်လား.. မလိုပါဘူးကွာ..ဒါက.."

"ဖေဖေနဲ့တွေ့တဲ့နေ့က..."

သူ့စကားမဆုံးခင် သတိုး စကားဖြတ်ပြောလာသည်။

"အဲဒီ့နေ့က ကိုလေးကြောင့်သာမဟုတ်ရင် ကျွန်တော် ဖေဖေ့ကိုရင်ဆိုင်ဖို့ သတ္တိရှိခဲ့မှာမဟုတ်ဘူး..."

ထက်ဝေယံ သက်ပြင်းတစ်ချက်ရှိုက်မိသည်။ သတိုးအတွက် မြူတစ်မှုန် သဲတစ်မှုန် လောက်ပဲဖြစ်ဖြစ် သူ အရေးပါနေသေးသည်ဆိုသည်နှင့် ကျေနပ်နိုင်ပြီ။ ပျော်နေနိုင်ပြီဖြစ်သည်။

ဒါပေမယ့် ပျော်နေနိုင်ပြီဟုတွေးနေသည့် ထက်ဝေယံအတွေးများ၏ အနက်ရှိုင်းဆုံးနေရာမှ ၀မ်းနည်းနာကျင်မှုတစ်ချို့က ခေါင်းပြူထွက်လာချင်နေသည်။ သူ သတိုးနားမှာရှိနေတိုင်း ခံစားရသည့် ၀မ်းသာဝမ်းနည်းခံစားချက်များသည် လွယ်လွယ်နှင့် ပျောက်ပျက်သွားမည့်ပုံမရ။

သူ့နှုတ်ခမ်းထက်မှာ သတိုး၏ နှုတ်ခမ်းရာများ ထင်ကျန်နေသေးသည်..

နွေးသော..

ချိုသော အနမ်းတစ်ခု...

ဒါပေမယ့် သူ့ရင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခဲ့သည့် အနမ်းတစ်ခုက သတိုးအတွက် ဘာအဓိပ္ပါယ်မှ ရှိခဲ့မှာမဟုတ်ဘူးဆိုတာကို တွေးမိတော့ ထက်ဝေယံ ၀မ်းနည်းရပြန်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now