extra 4

29.2K 2.2K 15
                                    

"ရဲသွေး.."
ထက်ဝေယံလက်ထဲမှ သော့တွဲသည် ကြမ်းပြင်ထက်သို့ ပြုတ်ကျသွားသည်။ တိတ်ဆိတ်သော ညည့်နက်ချိန်မို့ ချွင်ခနဲ မြည်သွားသော သော့ကျသံသည် ကျယ်လောင်လွန်းနေသည်။ တိုက်ခန်းကော်ရစ်ဒါတစ်လျှောက်ရှိ အဖြူရောင်မီးအလင်းတန်းသည် ဒီလောက် မျက်စိစူးစရာကောင်းလိမ့်မည်ဟု ထက်ဝေယံ မသိထားခဲ့။ သူနှင့်မလှမ်းမကမ်းမှာ ရှိနေသော ရဲသွေးငယ်၏ ပုံရိပ်ကို သဲသဲကွဲကွဲမမြင်ရ။
"မင်း ဘာလာလုပ်တာလဲ.."
ရဲသွေးငယ်၏ ပျက်ယွင်းသွားသော မျက်နှာကိုကြည့်ပြီး သူ စကားမှားသွားပြန်ပြီဆိုတာကို ထက်ဝေယံ နားလည်လိုက်သည်။ တကယ်ဆို သူ ပျော်သွားတာ။ ရဲသွေးငယ်ကို မထင်မှတ်ထားဘဲ တွေ့လိုက်ရလို့ ပျော်သွားမိသည်။ ဒါပေမယ့် သူ့ လေသံကရော၊ မေးသံကပါ အလိုမကျဟန် ပေါက်နေသည်။
ကျွတ်..
ကိုယ့်ကိုကိုယ် ဒေါသထွက်ရုံမှလွဲ၍ သူ ဘာမှမလုပ်တတ်။
"ကျွန်တော် အခုပဲ ပြန်တော့မလို့။"
သူ့ဘေးမှ ဖြတ်လျှောက်သွားသော ရဲသွေးငယ် လက်မောင်းကို ထက်ဝေယံ ဖမ်းဆွဲလိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ ဆိုတာရော မင်းသိရဲ့လား။ ဒီအချိန် အိမ်ပြန်ရမယ့် အချိန်မဟုတ်ဘူး။"
"ကျွန်တော် ယောက်ျားလေးပါ။ ခင်ဗျား စိတ်ပူစရာမလိုဘူး။"
ရဲသွေးငယ် သူ့ကို ကျော်တက်ကာ ဓါတ်လှေကားရှိရာသို့ ဆက်လျှောက်သွားပြီဖြစ်သည်။ သူ့မျက်နှာကို စေ့စေ့ပင် မကြည့်သွား။
"မင်း အခု ငါ့ရှေ့က ထွက်သွားရင် နောက် ဘယ်တော့မှ ငါ့နား ပြန်လာစရာမလိုဘူး။"
ဓါတ်လှေကားကိုဖွင့်ရန် အ၀ိုင်းခလုတ်ငယ်ကို ဖိနှိပ်ရင် ပြင်နေသော ရဲသွေးငယ်၏ လက်များ ရပ်တန့်သွားသည်။ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေသည့် ကောင်လေး၏ နောက်ကျောပြင်ကို သူ မကြည့်ရဲ။ သူ့ရှေ့မှ ပျောက်ကွယ်သွားမှာကို ကြောက်သည်။ လှည့်မကြည့်တော့မှာကို စိုးရိမ်သည်။
စက္ကန့်အတော်ကြာသည်အထိ သူတို့နှစ်ယောက်စလုံး စကားမပြောဖြစ်ကြ။ တိတ်ဆိတ်နေသော ညယံက သူတို့၏ တိတ်ဆိတ်မှုကို ပြန်လှန် ခြောက်လှန့်နေစေသည်။ ရဲသွေးငယ် ခလုတ်ကို ဆက်မနှိပ်တော့သည်မှာ သေချာမှ ထက်ဝေယံ အောက်နှုတ်ခမ်းများကို ဖွဖွဖိကိုက်ရင်း သက်ပြင်းတိုးတိုးတစ်ခုကို ချဖြစ်သည်။
"လာ.."
တစ်ခွန်းတည်းသော စကားဖြင့် ရဲသွေးငယ်၏ လက်ဖ၀ါးများကို ဆုပ်ကိုင်ရင်း တိုက်ခန်းရှိရာ ဆက်လျှောက်လာခဲ့သည်။
အေးလိုက်တာ..။
သူ့လက်ဖ၀ါးထဲမှ လက်ချောင်းတွေဟာ ရေခဲမှုန်များလို အေးစက်နေတာ။ ရဲသွေးငယ် သူ့ကို မော့မကြည့်သေးဘဲ ခေါင်းငုံ့ထားဆဲဖြစ်သည်။ တိုက်ခန်းတံခါးကို ဘယ်လက်ဖြင့် ထက်ဝေယံ ရအောင် ဖွင့်သည်။ ရဲသွေးငယ်၏ လက်များကို ဆုပ်ကိုင်ထားသည့်လက်များကို အလွှတ်မပေးရဲ။ တင်းကြပ်စွာ ဆုပ်ကိုင်ထားပေမယ့် ပြုတ်ထွက်သွားမှာကို သူ စိုးသည်။
တိုက်ခန်းထဲ ၀င်ပြီးတာနှင့် တံခါးသော့ကို အထပ်ထပ် သေချာအောင် ပိတ်လိုက်သည်။ နောက်မှ စိတ်ချသွားဟန် ရဲသွေးငယ်လက်ကို လွှတ်ပေးလိုက်သည်။
"မင်း ဘယ်အချိန်ကတည်းက ရောက်နေတာလဲ.."
ရဲသွေးငယ် မဖြေ။ သူ့အခန်းထဲသို့ အခုမှ ရောက်ဖူးသလို တောင့်တောင့်ကြီးရပ်နေသည်။
"ရဲသွေး.. ငါ မေးနေတယ်.."
"ညနေက.."
"ညနေ.. ဘယ်နှစ်နာရီကလဲ.."
"ခြောက်နာရီ.."
ထက်ဝေယံ မျက်ဖြူလန်ကာ ခပ်တိုးတိုး ဆဲမိသွားသည်။ ဒါဆို ဒီကောင်လေး သူ့အခန်းအပြင်မှာ ရပ်စောင့်နေတာ ခုနှစ်နာရီလောက် ရှိနေပြီပေါ့။ အခုပဲ ည တစ်နာရီ ရှိတော့မည်။
"အဲဒါကြောင့် ဖုန်းတစ်လုံးလောက် ရှိထားမှဖြစ်မယ်လို့ မင်းကို ငါပြောတာ။ ငါ ပြောတိုင်း စကားကြီးစကားကျယ်တွေ ပြောပြီး နားမထောင်ဘူး။ အခုလို စောင့်နေရတော့ ကောင်းလား။ ဟင်။ မင်း ခြေထောက်တွေကို ကျောက်တိုင်မှတ်နေလား။"
ထက်ဝေယံ စိတ်ရှိလက်ရှိ ဆူပြီးမှ အခုအချိန်အထိ စကားမပြန်သော ရဲသွေးငယ်ကို သတိထားမိသည်။ အမြဲတမ်း ပွစိတက်နေအောင် စကားများသောကောင်လေးသည် အသံတိတ်နေသည်။ ခေါင်းလည်း မော့မလာသေး။
"ရဲ.. ရဲသွေး။"
ရဲသွေးငယ်၏ ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီး ထက်ဝေယံ မေးစေ့ကို ဆွဲမော့မိသည်။
မျက်ရည်စတွေ..
ရဲသွေးငယ်၏ မျက်လုံးများမှာ မျက်ရည်စတွေနှင့်ဖြစ်သည်။
ရှိုက်သံမပေါ်အောင် တင်းတင်းစေ့ထားသော နှုတ်ခမ်းများက ပြာနှမ်းနေသည်။
သူ ဘာလုပ်ရမလဲမသိတော့။ လွင်တီးခေါင်မှာ မိုးကြိုးပစ်ချခံရသလို ခံစားရတာကိုသာ သူ သိသည်။
"ဘာ.. ဘာဖြစ်လို့လဲ။ မင်းကို ဘယ်သူ ဘာလုပ်လိုက်လို့လဲ။"
သူ သွေးရူးသွေးတန်းမေးတော့မှ ရဲသွေးငယ်ထံမှ ရှိုက်သံတစ်ချက်ထွက်လာသည်။ စီးကျလာသည့် မျက်ရည်စီးကြောင်းကို လက်ဖနောင့်နှင့် ပွတ်ဖယ်လိုက်သည်။ ကျန်လက်တစ်ဖက်မှ သူ့ရင်ဘတ်မှ အကျီင်္စကို ဆွဲကိုင်ထားသည်။
"ကျွန်တော့်ကို ကိုလေး မတွေ့ချင်တော့ဘူးထင်လို့.."
"ဘာ.."
"ကျွန်တော် တစ်ချိန်လုံး ဘဲလ် တီးနေတာ။ အိမ်ထဲမှာရှိရဲ့သားနဲ့ ကျွန်တော့်ကို တံခါးမဖွင့်ပေးချင်လို့ မကြားချင်ယောင်ဆောင်နေတာလို့ ကျွန်တော် ထင်နေတာ။"
"ဟာကွာ.."
သူ့ရှေ့မှ ကောင်လေးကို ထက်ဝေယံ တင်းကြပ်စွာ ဖက်ထားမိသည်။ ရဲသွေးငယ်၏ ကိုယ်ခန္ဓာသည် သူ့ရင်ခွင်ထဲမှာ ပျောက်ကွယ်မတတ် သေးငယ်နေသည်။ သူ့ရင်ခွင်မှာ မျက်နှာကို အတင်းဖိကာ ရှိုက်သံများကို ထိန်းချုပ်ထားပေမယ့် တုန်ခါနေသော ကျောပြင်က လက်ဖ၀ါးများအောက်မှာ ရှိနေသည်။ သူပါ မျက်ရည်ဝိုင်းလာပြီဆိုတာကို နောက်တစ်ကြိမ် ပူစပ်လာသော မျက်လုံးထောင့်များကြောင့် သတိထားမိသည်။
ဒီအရွယ်ရောက်မှ..
ဒီလောက်ရည်းစားတွေအများကြီး ထားဖူးပြီးမှ..
ဒီကောင်လေးတစ်ယောက်ကြောင့် သူ ခဏခဏ မျက်ရည်ဝိုင်းရတာတော့ မတရားဘူးထင်သည်။
............................................................
............................................................
ထက်ဝေယံရေခဲသေတ္တာကို အလောတကြီး ဆွဲဖွင့်လိုက်သည်။ အေးစက်မှုတစ်ချို့က သူ့မျက်နှာကို လွင့်စင်လာသည်။ သူ ထင်ထားသည့်အတိုင်း စားစရာ ဘာမှမရှိ။ ရေခဲသေတ္တာထဲမှာ ရှိနေသည်က..
ဘီယာဗူး..
ဘီယာပုလင်း..
ဝိုင်ဖြူပုလင်း..
ရှမ်ပိန်ပုလင်း..
"ငါ့အိမ်မှာ ဗိုက်ဆာရင် ပုလင်းခွံတွေပဲ ကိုက်စားရမယ်ထင်တယ်။"
ကိုယ့်ကိုကိုယ် ပြန်ကျိန်ဆဲရင်း ရေခဲသေတ္တာကို ဆောင့်ပိတ်ကာ ဘေးနားမှ နံရံကပ်ဗီရိုငယ်များကို လိုက်ဖွင့်သည်။ ဒီမှာလည်း အတူတူ။ ဘီယာပုလင်းတွေ၊ ဗူးတွေ တံဆိပ်စုံ၊ ဆိုဒ်စုံရှိနေသည်။ ဘ၀တွင် ၀ါသနာအရ
တစ်ချို့က တံဆိပ်ခေါင်းစုသည်။
တစ်ချို့က ရှေးဟောင်းပိုက်ဆံ စုသည်။
တစ်ချို့က ကျောက်မျက်ရတနာစုသည်။
ထက်ဝေယံကတော့ ဘီယာခွံစုမည့်သူ...။
ရဲသွေးငယ်ရေချိုးနေတုန်း တစ်ခုခု စားစရာပြင်ပေးချင်သဖြင့် သူ့အိမ်မှာ စားစရာတစ်ခုခုများ ရှိလေမည်လားဟူသည့် မျှော်လင့်ချက်ကြီးကြီးဖြင့် ရှာဖွေနေခြင်းဖြစ်သည်။ ဒါပေမယ့် ဗလာနတ္တိ။ ဘာဆိုဘာမှမရှိ။ အတန်ကြာအောင် တစ်အိမ်လုံးဗြောင်းဆန်အောင် ရှာပြီးမှ အံဆွဲတစ်ခုထဲမှ အာလူးကြော်၊ မြေပဲထုပ်များနှင့် သီဟိုစေ့လှော်တို့ကို သူ တွေ့လိုက်ရသည်။
ဘီယာသောက်ရင်း မြည်းဖို့ ၀ယ်ထားတာတွေပါ။
ဘာပဲဖြစ်ဖြစ် alcohol မပါသည့်အပြင် သောက်ရမည်မဟုတ်ဘဲ စားလို့ရသည့်အရာများဆိုတော့ သူ တော်တော် ပျော်သွားသည်။
"ကိုလေး အကျီင်္တွေကလဲဗျာ..."
ရဲသွေးငယ် သူ့အခန်းထဲမှ မျက်နှာစူပုပ်ပုပ်ဖြင့် ထွက်လာသည်။ ခြင်္သေ့ခေါင်းပုံအကြီးကြီးပါသည့် တီရှပ်ကို ၀တ်ထားသည်။ အကျီင်္က ကိုယ်ခန္ဓာထက် ပိုကြီးနေသဖြင့် ခါးအောက်တော်တော်ရှည်နေသည်။ ဘေးတစ်ဘက်တစ်ချက်တွင် အဖြူရောင် အစင်းကြောင်းပါသည့် အားကစားဘောင်းဘီမှာလည်း ပုံကျတော့မည်။
ဒါပေမယ့် သူ မျက်စိထဲမှာတော့ ရဲသွေးငယ်သည် ချစ်ဖို့ကောင်းနေသည်။ ထိုနှုတ်ခမ်းထူထူလေးများက စူပုပ်ထားလျှင် ပိုလှသည်လေ။
"အဲဒါတွေက ဘာတွေလဲဗျ..။"
"မင်း ဗိုက်ဆာရင် စားဖို့လေ။ ညစာပေါ့။"
စားပွဲပေါ်မှာ တင်ထားသော မုန့်ထုပ်များကို ကြည့်ရင်း ရဲသွေးငယ်မေးတော့ သူ ဂုဏ်ယူစွာ ဖြေဖြစ်သည်။
"ကိုလေးရာ.. အီစွပ်ပုံပြင်တွေထဲက ပုရွက်ဆိတ်နဲ့ ပုစဉ်းရင်ကွဲ ပုံပြင်လိုဖြစ်နေပြီ။ တစ်ချိန်လုံး သီချင်းကြီးပဲ ဆိုမနေနဲ့။ အစားအတွက်လည်း သတိရဦး။"
ရဲသွေးငယ် ပြောရင်း အားလူးကြော်ထုပ်ကို ဖောက်ကာ စားပွဲမှာဝင်ထိုင်သည်။ ထက်ဝေယံ စားပွဲပေါ်သို့ တင်ပါးတစ်ခြမ်းတင်ကာ ၀င်ထိုင်ရင်း အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်သည်။
"ပုရွက်ဆိတ်နဲ့ နှံကောင်ပါ ရဲသွေးရာ..။ ပညာရှိသတိဖြစ်ခဲ ဆိုသလို ဒီတစ်ခါ မင်းမှားပြီ။ ဟားဟား။"
သူ ရယ်ပေမယ့် ရဲသွေးငယ် မရယ်။ ဘာမှမထူးဆန်းသလို အားလူးကြော်များကိုသာ တစ်ခုပြီး တစ်ခု ထပ်စားနေသည်။ ဒီပုံစံကိုက သူ့ကို မလုံမလဲဖြစ်စေတာတော့အမှန်။
"ဟေ့ကောင်လေး ငါ နဲ့ ပြိုင်မငြင်းဘူးလား။"
"ဘာလို့ငြင်းရမှာလဲဗျ..။ နှစ်ယောက်စလုံး မှန်နေတာပဲ။"
"မင်း မမှန်ဘူး။ ငါပဲ မှန်တာ။"
"ပုရွက်ဆိတ်နဲ့နှံကောင်ဆိုတာ အီစွပ်ပုံပြင်တွေကို အင်္ဂလိပ်ဘာသာကနေ ဘာသာပြန်ထားတဲ့ ပုံပြင်အရ ပြောတာလေ။ ကျွန်တော်ပြောတာက အဲဒီ့အီစွပ်ပုံပြင်တွေကိုပဲ မူရင်း ဂရိဘာသာကနေ လက်တင်ဘာသာကို ဘာသာပြန်ထားတဲ့ ပုံပြင်ကို ဥပမာပေးပြီးပြောတာ။ အဲဒီ့ထဲမှာ နှံကောင်မဟုတ်ဘူး။ ပုစဉ်းရင်ကွဲ ကိုလေးရ။"
အားလူးကြော်ကို တကျွတ်ကျွတ်စားရင်း ဆရာလုပ်နေသော ထိုကောင်လေးကို အရင်အချိန်တွေကလို ထက်ဝေယံ စိတ်မဆိုးမိ။ ဒီစကားသံတွေကို သူ မကြားခဲ့ရတာကြာပြီလေ။ ဒီလိုမျိုး ဆရာလုပ်မခံရတာလည်း ကြာခဲ့ပြီ။ အခုတော့ တစ်ညလုံး ရဲသွေးငယ် စကားများနေလျှင်တောင် သူ ထိုင်နားထောင်နေမိမည်ထင်သည်။
ရဲသွေးငယ် အသံတိတ်နေသော သူ့ကို တစ်ချက်မော့ကြည့်ရင်း ပါးစပ်ထဲသွင်းခါနီး အားလူးကြော်ကို ဆက်မစားတော့။ မျက်မှောင်ကုတ်ကာ မေးလာသည်။
"ခင်ဗျားမျက်နှာကြီးက ဘာဖြစ်နေတာလဲ။"
"ဘာဖြစ်နေလို့လဲကွ။"
"ပြုံးဖြဲဖြဲနဲ့။"
ဒီတစ်ခွန်းထဲသော စကားနောက်မှာ ရဲသွေးငယ် စိတ်ပျက်သလို နှာခေါင်းရှုံ့သည်။ ဒီပုံစံလေးသည်လည်း သူ့အတွက် ချစ်ဖို့ကောင်းနေပြန်သည်။
..........................................

ကြယ်တွေကြွေသောညWhere stories live. Discover now