Sequel 17 (Unicode)

16.5K 1.6K 13
                                    

နေရှင်းခ ဘဝမှာ စိုးရိမ်စိတ်ဆိုတာ ရှိခဲသည်။ ဘဝရဲ့ တစ်ဆစ်ချိုး အပြောင်းအလဲများဖြစ်ခဲ့သော စာမေးပွဲဖြေချိန်၊ အလုပ်ဝင်ချိန်များကိုပင် အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းဖြစ်ခဲ့သည်။ နည်းနည်းပါးပါး စိတ်ပူမိတာမျိုး ရှိခဲ့ပေမယ့် ငါ စိတ်ပူနေလို့လည်း ဘာထူးမှာလဲ။ အကောင်းဆုံး ပြင်ဆင်ထားပြီးပြီပဲဟူသော အတွေးနောက်မှာ ခေါင်းအေးသွားတတ်သည်သာ။ သူတစ်ပါးနိုင်ငံသို့ ပထမဆုံးအကြိမ် အလုပ်သွားလုပ်ရစဉ်ကတောင် အလွန်အမင်း စိတ်လှုပ်ရှားခြင်းမရှိခဲ့။

ဒီနေ့မနက်မှာတော့ သူ့စိတ်တွေကို သူ အစိုးမရနိုင်။

နေလို့ထိုင်လို့မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေမိခြင်းဖြစ်သည်။

ဘာကြောင့်များ ဒီလောက် စိုးရိမ်စိတ်ပူနေမိသည် နေရှင်းခ ကိုယ့်ကိုယ်ကိုယ် နားမလည်။ သူ သတိုးကို လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားထားသည်မှာ အခုမှမဟုတ်။ စချစ်မိသည့် အချိန်ကတည်းကဖြစ်သည်။ ပိတောက်ပင်အောက်မှာ သတိုးကို ချစ်မိနေသည်ကို နားလည်ကတည်းက၊ ပထမဆုံးအကြိမ် နမ်းမိကတည်းက တစ်နေ့နေ့မှာ သတိုးကို လက်ထပ်ခွင့်တောင်းမည်ဟု သူ့နှလုံးသားထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးသားဖြစ်သည်။

သူနဲ့လက်ထပ်ဖို့ကို သတိုး လက်ခံပါ့မလား...

သူနဲ့အတူ တစ်သက်တာလုံး အတူနေထိုင်ဖို့ကို သတိုး လက်ခံပါ့မလား...

အခုအချိန်မှ သူ့အပြစ်တွေကို နေရှင်းခ တန်းစီမြင်နေသည်။ သတိုးနှင့်ပတ်သက်လျှင် သူ သဝန်တိုလွန်းသည်။ ပြီးတော့ စည်းကမ်းကြီးလွန်းသည့် သူ့အကျင့်စရိုက်။ သူနှင့်နေရတာကို အနေအထိုင်မလွတ်လပ်ဟုများ ထင်လေမလားမသိ။ သတိုး သူ့ကိုချစ်သားပဲဆိုသည့် ဖြေတွေးနောက်မှာ သူ့ကို ချစ်သည်ဟု ဘယ်အချိန်က သတိုး နောက်ဆုံးပြောခဲ့တာလဲဆိုသည့် စိုးရိမ်မှုတစ်ခုတွဲကပ်ပါလာသည်။ သူတို့နှစ်ယောက် တစ်အိမ်တည်းမှာပင် အတူတူနေနေကြပြီပဲဟု လှည့်တွေးတော့လည်း အလုပ်ကြောင့် နေ့ညအချိန်မရွေး အိမ်မှာ သူမရှိခဲ့တာနှင့် သတိုးအား ကျောင်းလိုက်ပို့တာ၊ အဆိုကိစ္စများတွင် အဖော်လိုက်ပေးတာလောက်တောင် မလုပ်ပေးနိုင်သော မိမိအပြစ်များကိုတွေးမိသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now