Part 3 (Unicode)

37.2K 3.5K 99
                                    

"သားရေ။"

"လာပြီ မေမေ။"

လှေကားထစ်များကို တစ်ထစ်ကျော်ဆင်းရင်း နေရှင်းခ ဧည့်ခန်းရှိရာသို့ ဆင်းလာခဲ့သည်။ နေရှင်းခ၏ အခန်းသည် နှစ်ထပ်အိမ်ကြီး၏အပေါ်ထပ်ရှိ အိပ်ခန်းနှစ်ခန်းအနက်မှ လှေကားနားကပ်နေသော အိပ်ခန်းဖြစ်သည်။ သူ့အခန်းနှင့်ကပ်ရပ်အိပ်ခန်းကတော့ တစ်ခါတစ်ရံ ညအိပ်ညနေလာသော ဧည့်သည်များအတွက် သီးသန့်ဖြစ်ပြီး များသောအားဖြင့် မည်သူမျှရှိမနေ။ ထိုအိပ်ခန်းနှစ်ခုကြားမှ ရေချိုးခန်းအိမ်သာတွဲရက်ရှိကာ အိပ်ခန်းနှစ်ခန်းစလုံးမှ ဝင်ရောက်နိုင်သည်။ နေရှင်းခမိခင်နှင့်အဖွားကတော့ လှေကားမတက်ချင်ဆိုကာ အောက်ထပ်ရှိအိပ်ခန်းနှစ်ခုတွင် တစ်ယောက်တစ်ခန်းစီယူထားကြသည်။

ဧည့်ခန်းအလယ်တွင် ကျွန်းပါကေးနှင့်လိုက်ဖက်အောင်၊ သစ်လုံးအလုံးမပျက်အောင် ပုံဖော်ဖွဲ့ထားသော ကျွန်းသားစားပွဲပုလေး ရှိနေသည်။ အဖြူရောင်သစ်ခွပန်းများ လှပစွာ ပွင့်ဖူးနေသော ပန်းအိုးငယ်တစ်ခုကို စားပွဲပုပေါ်တွင် ကဗျာဆန်စွာချထားသည်။ စိမ်းလွင်သော သစ်ခွရွက်သုံးရွက်မှာ ပန်းခက်အောက်ခြေတွင် ရေပန်းတစ်ခုပမာ ဖြာကျနေသည်။ စားပွဲပုနောက်တွင် သုံးယောက်ထိုင် အဖြူရောင် ဆိုဖာသားရေထိုင်ခုံရှိနေပြီး ထိုဆိုဖာထက်နံရံတွင် လက်ရာမြောက်စွာ ရေးဆွဲထားသော တောအုပ်နောက်ခံ သစ်ဆွဲနေသော ဆင်ကြီးနှင့် ဆင်ထိန်းတို့၏ ပန်းချီကားချပ် ရှိနေသည်။

"လာ သား။ ဘယ်သူတွေလာလည်လဲ ကြည့်စမ်းပါဦး။"

စားပွဲငယ်၏ တစ်ဖက်တစ်ချက်တွင်မူ တစ်ယောက်ထိုင် သားရေဆိုဖာခုံနှစ်ခုံရှိနေကာ တစ်ခုံတွင် နေရှင်းခ၏ မိခင်ဖြစ်သူ ဒေါ်မေချို ထိုင်နေသည်။ နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင်မူ ဒေါ်မေချိုနှင့် ရွယ်တူဖြစ်ဟန်တူသော အမျိုးသမီးတစ်ဦးနှင့် ကောင်လေးတစ်ယောက်။ ဖြောင့်စင်းသော အနက်ရောင်ဆံပင်များနှင့်ကောင်လေးသည် ပိန်လွန်းလှသည်ကို နေရှင်းခ ချက်ချင်းလိုလို သတိထားမိလိုက်သည်။ ဖြူဖွေးသောအသားအရောင်ကြောင့် ရောဂါသည်တစ်ယောက်လို နုဖတ်နေသည်။ ဒါပေမယ့် မျက်နှာကို နေရှင်းခ မမြင်နိုင်အောင် မိခင်ဖြစ်ဟန်တူသော အဒေါ်ကြီး၏ပခုံးနောက် တိုးဖွက်ထားသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now