သင်းပျံ့သော ပိတောက်နံ့များသည် အခန်းတစ်ခန်းလုံးကို လွှမ်းခြုံထားသည်။ ကျယ်ဝန်းသောခြံကြီးထဲမှ ပိတောက်ပန်းဝါ၀ါများကြောင့် အရာရာသည် ပိတောက်ရောင်တောက်နေသည်ဟု အထင်မှားစေသည်။ အခန်းထဲမှ တစ်ယောက်အိပ်ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော သတိုးသည်လည်း ပိတောက်ပန်းများနှင့်အပြိုင် ချစ်စရာကောင်းနေသည်။
"သတိုး..."
နေရှင်းခ ခေါ်ချိန် မျက်ခုံးနှစ်ခု အနည်းငယ် လှုပ်ရှားသွားရုံမှလွဲ၍ သတိုး မျက်လုံးများပွင့်မလာ။ တခြမ်းစောင်းအိပ်ပျော်နေသော ထိုကောင်လေး ဘေးသို့ နေရှင်းခ ဝင်ထိုင်လိုက်သည်။ ဒီတော့မှ သတိုး၏ မျက်လုံးများ ပွင့်လာသည်။
"ထတော့ကွာ။ မနက်ကိုးနာရီကျော်နေပြီ။ ငါ ဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ။"
"အိပ်ချင်သေးတယ်။"
တစ်ဖက်ခြမ်းကို လှည့်သွားပြီးမှ ချက်ချင်းလိုလို ခေါင်းအောက်မှ ခေါင်းအုံးကိုဆွဲယူကာ သတိုး မျက်နှာပေါ် ဖုံးတင်လိုက်သည်။
"ဟောဗျာ ..ဒါကဘယ်လိုဖြစ်ရတာလဲ။"
သတိုး မျက်နှာပေါ်မှ ခေါင်းအုံးကို နေရှင်းခ ဆွဲဖယ်ဖို့ ကြိုးစားပေမယ့် သတိုးလက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ထားကာ မဖယ်ပေး။
ရှက်နေတာ...
ဒါ သတိုး ရှက်နေတာ..
မနေ့ညက ပိတောက်ပင်အောက်မှ အနမ်းတစ်ခုအတွက်...
သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအနမ်းအတွက်.. ဒီကောင်လေး ရှက်နေတာ..
"မရှက်ပါနဲ့ ကောင်လေးရာ။ မင်း မျက်နှာမသစ်ရသေးသရွေ့ ငါ မင်းနားက ဝေးဝေးနေမှာပါ။"
"လဲသေ နေရှင်းခ။"
သတိုး လက်ထဲမှ ခေါင်းအုံးဖြင့် နေရှင်းခ မျက်နှာကို ဖိတွန်းသည်။ ဒီကောင်လေး ရှက်နေပုံလေးက ချစ်ဖို့ကောင်းလွန်းသည်။ နှင်းပွင့်များလို ဖြူဖြူစွတ်နေတတ်သော နားရွက်ဖျားတွေ နီရဲနေတာ သူ မြင်နေရသည်။
.
.
.
"လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ချစ်လို့ တစ်သက်တာအတွက် သစ္စာပြုတာ။ ဘာမှ ခမ်းခမ်းနားနား လုပ်ပြီး ပိုက်ဆံကုန်ခံနေစရာမလိုဘူး။"
YOU ARE READING
ကြယ်တွေကြွေသောည