မီးရောင်ဝါ၀ါအောက်တွင် နေရှင်းခ၏ အခန်းသည် သန့်ရှင်းတောက်ပြောင်နေသည်။ စားပွဲပေါ်ရှိ စာအုပ်များကို တစ်နစ်တစ်ကျ စီထားသလို ဘောပင်များနှင့် အနက်ရောင်ကတ်ကြေးငယ်မှာလည်း ဘောပင်ထည့်သည့် ခွက်ထဲတွင် ရှိနေသည်။ ထိုင်ခုံကိုပင် စားပွဲအောက်တိုးသွင်းကာ သူ့နေရာနှင့်သူ ပြန်ထားခဲ့သည်။ သူ့အခန်းနှင့် လုံးလုံးဆန့်ကျင်ဘက် သန့်ရှင်းစည်းစနစ်ကျသော အခန်းကို ဝေ့ကြည့်ကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သတိုး သက်ပြင်းချမိသည်။
"မင်း ငါ့ကို လူရှေ့သူရှေ့မှာ အရှက်ခွဲတယ်ပေါ့။ ဟုတ်လား နေရှင်းခ။"
"ကျွန်တော် ဘာလုပ်မိလို့လဲ အမေ။"
တံခါးကို စေ့စေ့ဟထားသောကြောင့် အောက်ထပ်မှ ဒေါ်မေချိုနှင့်နေရှင်းခတို့၏ တစ်ယောက်တစ်ခွန်း စကားများကို သူ ကြားနေရသည်။
"မင်း တော်တော်ရိုင်းနေပါလား။ လူရှေ့သူရှေ့မှာ ငါ့ကိုပြန်ပြောလို့မှ အားမရဘူး။ ဧည့်သည်တွေကိုပါ ရိုင်းပြနေတာလား။ ဟင်.."
"ကျွန်တော် ထင်တာ ပြောတာလေ။ ဧည့်သည်ဆိုရင်လည်း ဧည့်သည်လိုနေသင့်တယ်။ ထက်ဝေယံဆိုတဲ့ကောင် သတိုးကို တမင်ညစ်ပြီး လိုက်ခိုင်းနေတာ အသိသာကြီးပဲ မေ။"
"သူတို့ဘာသာ ဘာခိုင်းခိုင်း မင်းနဲ့ဘာဆိုင်လဲ။ ဦးရန်နိုင်ထွန်း ကျေးဇူးတွေ မင်းမှာအများကြီးရှိတယ်။ သူသာမကူညီရင် မင်းကျောင်းပြီးရင် သွားရမယ့်ကိစ္စ တစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာကိုရော မင်းစဉ်းစားမိရဲ့လား။"
"ကျွန်တော်သိတယ်။ ဦးရန်နိုင်ထွန်းကိုလည်း ကျွန်တော် ကျေးဇူးတင်တယ်။ ဒါပေမယ့် သူ့သားအချိုးမပြေတာကိုတော့ ကျွန်တော် သည်းခံပြီး ထိုင်ကြည့်မနေနိုင်ဘူး။ ဒီည ဒီကောင့်ကို ထမထိုးဘဲ ပြန်လွှတ်လိုက်တာ မေမေနဲ့ ဦးရန်နိုင်ထွန်းတို့ မျက်နှာကြောင့်။"
"မင်း...မင်း.. ဒီကောင် သတိုးကလွဲရင် ဘယ်သူ့ကိုမှ မင်း လူမထင်ဘူးပေါ့။ ဟုတ်လား။"
ဒေါ်မေချို့အသံတွေက တုန်ပြီး ကျယ်လောင်နေသည်။ သူ့ကို ဒေါသထွက် ဆူပူလျှင်တောင် ဒေါ်မေချိုသည် အသံကို ကျယ်ကျယ်ပြောလေ့မရှိ။ ဒီည ဘယ်လောက် စိတ်တိုဒေါသထွက်နေသည်ကို သတိုး ခန့်မှန်းမိ၍ ရင်တွေပင် တုန်ချင်လာသည်။ ဖြစ်နိုင်လျှင် အောက်ထပ်ကို ပြေးဆင်းကာ နေရှင်းခလက်ကို ဆွဲခေါ်လာချင်သည်။ ဒါပေမယ့် သူ့ မျက်နှာကိုမြင်လိုက်ရလျှင် အခြေအနေတွေ ပိုဆိုးသွားနိုင်သည်ကိုသိ၍သာ သတိုးအောင့်အည်းနေရခြင်းဖြစ်သည်။
YOU ARE READING
ကြယ်တွေကြွေသောည