X'mas Special Extra (Part 1) Zawgyi

16K 1K 33
                                    

မြေအောက်ကားပါကင်တစ်ခု။ ညနေစောင်းအချိန်ဖြစ်သည်။ သဘာဝအလင်းရောင် တိုးမ၀င်နိုင်သော နေရာတစ်ခုဖြစ်သော်လည်း မီးချောင်းများကြောင့် ထိန်ထိန်လင်းနေသည်။ကွေ့ဝင်လာသော ကားဘီးနှင့် ကြမ်းပြင်ပွတ်တိုက်သံသည် လိုအပ်သည်ထက် ပိုမိုကျယ်လောင်သည်။ ပဲ့တင်သံသည် အတော်နှင့်မရပ်။ ပြိုင်ကားလေး၏ အနီရောင်မျက်နှာပြင်မှ ရောင်ပြန်ဟပ်မှုသည် ကားပါကင်ကြီး၏ နံရံများထပ်တွင် ရိပ်ခနဲ။ ပြေးလွှားနေသော ကားဘီးများ ရပ်တန့်သွားသည်။ ကားတံခါးဖွင့်လိုက်ချိန် ထွက်ပေါ်လာသည့် ကျယ်လောင်သော သီချင်းသံ။ ထက်‌ဝေယံ ကားပေါ်မှ ဆင်းလိုက်သည်။ခြေသံများ၏ ပဲ့တင်သံကို ကြားလိုက်ရသည်။ ပြိုင်ကားနီလေးရှိရာသို့ အပြေးလာနေသော ကင်မရာမန်း၊ အသံဖမ်းသူနှင့် သတင်းထောက်တစ်ယောက်။ အနားမရောက်ခင်ကတည်းက အရာရာကို မှတ်တမ်းတင်နေပြီဖြစ်သည်။ မည်သူဖြစ်ကြောင်း မည်သည့်မီဒီယာမှဖြစ်ကြောင်း မိတ်ဆက်သံကို ခပ်မြန်မြန်ပြောသွားသည်။ "အသစ်ထွက်လာမယ့်အခွေအတွက် ပရိသတ်က စိတ်ဝင်စားနေကြတယ်" ယဉ်ကျေးသည့်အသုံးအနှုန်းများကို အသုံးပြုကာ စကားဆက်သည်။ မျက်နှာကပြုံးနေသော်လည်း မျက်လုံးများက ဂနာမငြိမ်။ ကားရှေ့ခန်းမှ သတိုးခန့်ရှိရာ မကြာမကြာ လှမ်းကြည့်သည်။ ရွှေရောင်ကိုင်းတပ်ထားသည့် မျက်မှန်ဝိုင်းလေးကို ပင့်တင်လိုက်ပြီးမှ သတိုး ကားပေါ်မှ ဆင်းလိုက်သည်။ ဘေးနှစ်ဖက်ကို အပါးရိပ်ကာ အလယ်မှ ဆံပင်ကိုသပ်တင်ပြီး နောက်မှာ စည်းထားသောကြောင့် နဖူးပြင်သည် ရှင်းကာ မျက်နှာနုနုသည် ထင်းနေသည်။ "အခွေသစ်ထွက်တော့မယ်ကြားတယ်။ ပရိတ်သတ်က ၀မ်းသာနေကြတယ်။ တကယ်ပဲလား ညီလေး။" "ဟုတ်ကဲ့ ခင်ဗျ။" သတိုးက အပြုံးနှင့်ဖြေပေမယ့် ထက်‌ဝေယံရှိရာ မသိမသာ လှမ်းကြည့်သည်။ ပီကေ၀ါးကာ မျက်မှန်မည်းကြီးတပ်ထားသော ထက်‌ဝေယံသည် တကယ့်မျက်မမြင်တစ်ယောက်လို ဘာမှမမြင်ဘူးလား ထင်ရသည်။ မလှုပ်မယှက်နှင့် ဘောင်းဘီအိတ်ကပ်ထဲ လက်ထိုးထည့်ကာ ရပ်နေသည်။ ပီကေ၀ါးနေသော ပါးစပ်ကတော့ လှုပ်စိလှုပ်စိ။ သတိုးအနေဖြစ် ကင်မရာကို မကြောက်တော့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုအခေါက် သူတို့ရင်ဆိုင်နေရသူသည် မီဒီယာလောကတွင် အမဲဖျက်သူဟူ၍ နာမည်တစ်လုံးနှင့်ကျော်ကြားသူ။ နှာခေါင်းပွပွသည် အဆီပြန်နေသည်။ သ, ထားသော ပါးသိုင်းမွှေးနှင့် မုတ်ဆိတ်မွှေးများသည် ရုပ်ရင့်ရင့်ကို မခန့်ညားစေနိုင်။ "အရင် album တွေတုန်းကလိုပဲ solo ပဲ မဟုတ်လား ညီလေး။" "သိပ်မကြာခင် အခွေသစ်အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲ လုပ်မှာပါ အစ်ကို။ အစ်ကိုတို့ မီဒီယာကိုလည်း ကျွန်တော်တို့ ဖိတ်ထားပါတယ်။ အခုတော့ အခွေသစ်နဲ့ပတ်သက်ပြီး ကျွန်တော် ဖြေခွင့်မရှိသေးလို့ပါ။" "တစ်ကိုယ်တော်စီးရီးခွေ ဟုတ်၊ မဟုတ်ဆိုတာလောက်တော့ ဖြေပေးပါ ညီလေးရာ။ ဒီအခွေသစ်အတွက် ပရိသတ်က စောင့်နေကြတာ ကြာခဲ့ပြီ မဟုတ်လား။" "Solo မဟုတ်ဘူး အစ်ကို။ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ သီချင်းတွေ ပါမှာပါ။" "ဘာ..ဘာပြောတယ် ညီလေး.." တမင်ဟန်ဆောင်ထားသည့် အံ့သြလွန်မျက်နှာ။ ကင်မရာမန်းဖက်ကိုပါ အံ့သြလွန်းသလိုလို မယုံနိုင်သလိုလို အမူအရာဖြစ် လှည့်ကြည့်လိုက်သေးသည်။ "အခုအသစ်ထွက်မယ့်အခွေက.. ညီလေး တစ်ယောက်တည်း မဟုတ်ဘူးပေါ့.." သတိုးခန့် ဖြေချိန်မရလိုက်။ ပါးစပ်ဖွင့်ချိန်မှာပင် "အင်းပေါ့ကွာ။ ငါ့ညီ ဘယ်ငြင်းနိုင်မလဲ။ ကျေးဇူးရှင်ဆိုတော့လည်း.." စကားသံရော အမူအရာကပါ လက်ခံနိုင်စရာမရှိ။ ထက်‌ဝေယံရှိရာသို့ ယခုတိုင် မိုက်ကိုလှည့်မပေးသေး။ သတိုး မျက်နှာမပျက်အောင် ထိန်းနိုင်ပေမယ့် ရင်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားသည်။ ယခုအချိန်တွင် သတိုးခန့်သည် ထက်‌ဝေယံထက် အဆပေါင်းများစွာ အောင်မြင်နေသည်ကို ငြင်းမရ။ သို့ပေမယ့် ပညာပိုင်းတွင် ထက်‌ဝေယံက အဆပေါင်းများစွာသာသည်။ သတိုးကို လမ်းပြဆဲ။ သင်ကြားပေးဆဲ။ သူတို့နှစ်ယောက်၏ ခင်မင်မှုသည် အောင်မြင်မှု အတိုင်းအတာနှင့် မသက်ဆိုင်။ "ကိုလေးက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ။ ဒါပေမဲ့ ဒီအခွေထွက်တဲ့နေရာမှာ ကျေးဇူးရှိ မရှိနဲ့ မဆိုင်ဘူး အစ်ကို။ အစ်ကို ဘယ်လိုသဘောမျိုးနဲ့ ပြောတာလဲ ကျွန်တော် နားမလည်ဘူး။" "ညီလေးကို ဒီညီလေးက ဒီလောကထဲရောက်လာအောင်..." "ဘယ်ညီက ဘယ်ညီကို ဘာတွေညီနေတာတုန်းဗျ။ ရှင်းအောင်းမေးစမ်းပါ။" ထက်‌ဝေယံ၏ အသံသြသြက မေးနေသူ၏ စကားကို အုပ်မိုးသွားသည်။ စိတ်မရှည်တော့သလို နားတစ်ဖက်ထဲတွင် တပ်ထားသော ကြိုးမဲ့ bluetooth နားကြပ်ငယ်ကို ဆွဲဖြုတ်လိုက်သည်။ တကယ်တော့ ကားပေါ်မှဆင်းကတည်းက ထက်‌ဝေယံ သီချင်းနားထောင်မပျက်။ မကြားချင်၊ မဖြေချင်သောကြောင့် မမြင်ချင်ယောင်ပါ ဆောင်နေခဲ့သည်။ ဒါပေမဲ့ သတိုးသည် သဘောကောင်းလွန်းသည်။ "ဒီလိုပါ။ အစ်ကို ဆိုလိုချင်တာက ညီလေး သတိုးခန့်က အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ နေရာရနေသူဆိုတော့.." "သုံးလုံးပါ။ သတိုးခန့်တဲ့။" ထက်‌ဝေယံ ရွဲ့နေပြီဖြစ်သည်။ ကိုယ်က သီချင်းဆိုရုံ၊ အခွေမှာ လက်မှတ်ထိုးပေးရုံနှင့် အဆိုတော်ဖြစ်နေပြီ မထင်ရ။ ပညာရှင်ဆန်ရမည်။ အလုပ်ကို လေးစားရမည်။ ဘာရမည်။ ညာရမည်နှင့် သတိုးခန့်ကို ဆုံးမခဲ့သမျှ သူကိုယ်တိုင်တော့ ဘယ်တော့မှ မလိုက်နာ။ "ဒါပေါ့ ဒါပေါ့။ အခုအချိန်မှာ သတိုးခန့်နဲ့ လူတိုင်း တွဲပြီး အခွေထွက်ချင်နေတာပဲ မဟုတ်ဘူးလားဗျာ။ ညီလေး ထက်‌ဝေယံလည်း ဂုဏ်ယူနေမှာပေါ့ အဟင်း ဟင်း.." ချောင်ပိတ်မေးသည့် မေးခွန်းတစ်ခု။ ထက်‌ဝေယံ မဖြေခင် သတိုး အရင်ဝင်ဖြေလိုက်သည်။ "သူက ကျွန်တော့်ကို အဆိုတော်တစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့သူ။ ဒါက လူတိုင်းသိတဲ့ ကိစ္စပါ။ အခုအချိန်အထိလည်း နောက်ကွယ်ကနေ တောက်လျှောက် ကူညီပေးတုန်းပဲ။ ဒါပေမဲ့ အခု ကျွန်တော်တို့နှစ်ယောက် အခွေအတူတူထွက်တာ သူ့ကျေးဇူး ကိုယ့်ကျေးဇူး ဆိုတာတွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သီချင်းတွေကို ပရိသတ်ကို အတူတူချပြချင်လို့ပါ။ တကယ်ဆို သူက ကျွန်တော့်ရဲ့ စီနီယာပါ။ သူ့လောက် ကျွန်တော် ပညာမပြည့်သေးဘူး။ ကျွန်တော့်ကို အခုအချိန်အထိ လက်တွဲခေါ်နေတာ။" "ဟာ.. ဒီကောင်လေး သောက်စကားတွေ အပို ပြောနေတာ။ မယုံနဲ့ ဟေ့လူ။ တကယ်တော့ သူရေးတဲ့သီချင်းတွေထဲက သူ စိတ်တိုင်းကျတာ ၅ ပုဒ်၊ ၆ ပုဒ်လောက်ပဲရှိတယ်။ ကျွန်တော်လည်း အခွေမထွက်ရတာ ကြာပြီ။ နာမည်တောင် ကုန်းကောက်စရာမကျန်အောင် ပျောက်တော့မယ်။ ခင်ဗျား ကျွန်တော့်နာမည် မှတ်မိနေလို့ အံ့သြနေတာ။ အခွေသာ မထွက်တာ။ ကျွန်တော်ရေးထားတဲ့ သီချင်းတွေက များလွန်းလို့ ဆွဲစုတ်နေရတယ်။ ဒါနဲ့ပဲ ဒီကောင်လေးနဲ့ တွဲထုတ်ဖြစ်သွားတာ။ အိုးရွဲ့ကို စလောင်းရွံ့နဲ့ ဖုံးတယ်ပေါ့ဗျာ။ ကျွန်တော်က ဆင်ဖြူတော်မှီပြီး ကြံစုပ်ရသလို သတိုးကလည်း ငါးမရ ရေချိုးပြန်ပေါ့။ စိတ်ထားတတ်ရင် မြတ်ပါတယ်။ ခင်ဗျားကြီးတော့ မသိဘူး။" သတိုးမှာ အောက်နှုတ်ခမ်းကိုဖိကိုက်ကာ မျက်နှာမှာ အပြုံးထင်မလာအောင် ကြိုးစားလိုက်ပြီးမှ ထက်‌ဝေယံရှိရာ လှည့်ကြည့်သည်။ မိုက်ကိုင်ထားသူ၏ မျက်နှာမှ ဟန်ဆောင်အပြုံးသည် မပျက်သေးသော်လည်း ပြုံးရမလိုလို မဲ့ရမလိုလို ဖြစ်နေသောကြောင့် ရွဲ့ပြုံးကြီးဖြစ်နေသည်။ "ဘယ်စတီရီယိုမှာ အသံသွင်းဖြစ်တယ်။ ဘယ် Band က တီးခတ်ပေးခဲ့တယ် ဆိုတာရယ်။ နောက်ပြီး ဒီအခွေဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရသလဲဆိုတာလေးတွေ.." "ဘာမှ မကြိုးစားပါဘူးဆိုဗျာ။ အရင်ရေးထားတဲ့ အဟောင်းတွေကို ဖုန်ခါပြီးထုတ်တာပါဆို။ ခင်ဗျားမှာ နား မပါဘူးလား။ ဒါနဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်ဆိုတာ ပသတ်နဲ့ စုပ်တာဗျ။ တသတ်နဲ့ စုတ်တာမဟုတ်ဘူး။ ကြံကို စုတ်လို့မရဘူး။ စုပ်လို့ပဲရတယ်။ နားလည်လား။" ထက်‌ဝေယံ ပီကေ၀ါးနေရာမှ ဆက်ပြောသည်။ စကားအဆုံးမှာ ပီကေပူဖောင်းမှုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်။ ကင်မရာမန်းက အူကြောင်ကြောင်နှင့် ခေါင်းထောင်ရင်း သူ့လူတွေကို လှမ်းကြည့်သည်။ အင်တာဗျူးနေသူက မိုက်ကို ထက်‌ဝေယံနှင့် ‌ဝေးသထက်‌ဝေးအောင် ကြိုးစားနေရာရွှေ့သည်။ "ဟင်း ဟင်း.. ညီလေးက အတော် နောက်တတ်တာပဲ။ အရေးကြီးတဲ့ မေးခွန်းတွေ အစ်ကို မေးပါရစေဦး။ ပရိသတ်တွေက ညီလေးလက်မှာအမြဲဝတ်ထားတဲ့ လက်စွပ်အကြောင်း သိချင်နေကြတယ်။" မျက်နှာမပျက်သွားအောင် ကြိုးစားရင်း သတိုးခန့် ခေါင်းကိုမော့ဖြစ်သည်။ နေရှင်းခ ကို အားနာသည်။ အောင်မြင်မှုနောက်မှ ပေးဆပ်ရသည်မှာ သူတို့နှစ်ယောက်စလုံးရဲ့ လွတ်လပ်ခွင့်တွေပါ ပါဝင်နေသည်။ အနုပညာလောကသည် အများအမြင်တွင် ကြယ်ရောင်၊ လရောင်အောက်မှာ ရှိချင်ရှိမည်။ အေးချမ်းငြိမ်းချမ်းသည်တော့မဟုတ်။ ဟန်ဆောင်မှုတွေ၊ ပကာသနတွေ၊ အတုအယောင်တွေ ပါဝင်သည်။ တည်ငြိမ်အေးဆေးကာ သီးသန့်နေတတ်သည့် ချစ်သူကို တတ်နိုင်သလောက် ကာကွယ်ပေးချင်သည်။"ကျွန်တော့်ဘ၀ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။""ညီလေးမှာ ပိုင်ရှင်ရှိတယ်ဆိုတဲ့ သဘောလား။ ဟဲ ဟဲ..""ကျွန်တော့်ရဲ့ ပိုင်ရှင်မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀ကို သူ မပါဘဲ တွေးကြည့်လို့မရတာမျိုး အစ်ကို။" "ဟဲ ဟဲ.. ဒါနဲ့ အောင်မြင်ဖို့အတွက်ဆိုရင် ညီ‌လေးက ဘယ်သူနဲ့ နေရ နေရ အရေးမကြီးဘူးဆိုပြီး နာမည်ကြီး အဆိုတော်တစ်ယောက် စွပ်စွဲတာရော... ဘာမှ မဖြေတော့ဘူးလား။" "ကျွန်တော့်ဖက်ကဖြေရှင်းဖို့ စိတ်ကူးမရှိဘူးအစ်ကို။ တခြားသူတွေအပေါ် ဘယ်လိုတုန့်ပြန်မှာလဲဆိုတာထက် ကျွန်တော် ဘယ်လိုရပ်တည်ရမလဲဆိုတာပဲ စိတ်ဝင်စားတယ်။" "ဒါပေါ့ ဒါပေါ့။ သူက ညီလေးကို ဂေးလို့စွပ်စွဲနေလို့ အစ်ကိုကတော့ အံ့သြနေတာ။ ဒီလောက် ယောက်ျားပီသတဲ့ရုပ်နဲ့ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီးတော့လေ ဟဲ ဟဲ.." သတိုးခန့် မျက်နှာတည်သွားသည်။ ထက်‌ဝေယံကတော့ ဘာမှမကြားရသလို ပါးစပ်ကြီးဟ,ကာ ပီကေပူဖောင်းထပ်မှုတ်ရန် ကြိုးစားသည်။ ဖောက်ခနဲ အသံမြည်သွားပေမယ့် မအောင်မြင်။ အင်တာဗျူးသူသည် နှာခေါင်းပွပွကို ပွတ်သပ်ရင်း ရွှံ့အိုင်ဘေးမှ ဖားပြုတ်ပြီးလို လည်စလုတ်ကြီး လှုပ်ကာ လှုပ်ကာနှင့် ဆက်မေးသည်။ "အခု ထက်‌ဝေယံနဲ့တွဲပြီး အခွေထွက်လာတော့မှာဆိုတော့ လူအထင်မှားစရာတွေ ဖြစ်ကုန်မှာ ဒါမှမဟုတ် သူ့အနေနဲ့ ငါ့ညီကို ခုတုံးလုပ်သလို အပြောခံရမှာမျိုးကို မစိုးရိမ်ဘူးလား။" "အစ်ကိုပြောသလို ယောက်ျားပီသတယ်ဆိုတဲ့ လူတစ်ယောက်ထက် လူသားဆန်တဲ့ လူတစ်ယောက်ပဲ ကျွန်တော်ဖြစ်ချင်တယ်။ နောက်ပြီး ကိုလေးက ဂီတနဲ့ပတ်သက်ရင် ကျွန်တော့်ထက်ပိုပြီး ရူးသွပ်တယ်။ ပညာပိုင်းမှာ ကျွန်တော့်ထက် အများကြီးသာတယ်။ သူသာ လူချစ်အောင်နေတတ်ရင် ဒါမှမဟုတ် နေပြရင် ကျွန်တော့်ထက် အောင်မြင်မှာပဲ။ ဒါပေမဲ့ ဒီလိုဆိုရင်လည်း ထက်‌ဝေယံ ဘယ်ဟုတ်တော့မလဲ။ မဟုတ်ဘူးလားဗျာ။" ထက်‌ဝေယံသည် ပီကေပူဖောင်းမှုတ်ရန် ကြိုးစားနေရာမှ မျက်မှောင်ကြုတ်ကာ သတိုးကို လှည့်ကြည့်သည်။ "သတိုးရာ.. မင်း စကားမလွှဲနဲ့လေ။ သူက မင်းရဲ့ ဟိုဒင်းဟိုဟာ အိပ်ရာကိစ္စတွေကို သိချင်လို့ မေးနေတာ။ အထီးကိုမြင်ရင် စိတ်ကြွလား၊ အမကိုမြင်ရင် စိတ်ထလား သိချင်နေတာ။ အဲ့ဒါကို ၀န်ခံခိုင်းနေတာ။ မင်း ဒီလို‌ဝေ့လည်ကြောင်ပတ်ဖြေနေရင် သူ့ခမြာ ဘာကို သတင်းလုပ်ပြီး တင်ရမလဲ။ ဒါနဲ့ ဟေ့လူ။ ကျုပ်က အထီးတွေကို ကြိုက်တယ်။ စင်ဂယ်ဆိုတော့ လွတ်လွတ်လပ်လပ်ပဲ။ ခင်ဗျားလို မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့ တိရစ္ဆာန်လောက်တောင် ဦးနှောက်မရှိတဲ့ကောင်မျိုးဆို ပိုသဘောကျတယ်။" စကားအဆုံးမှာ ထိုသူ၏ မျက်နှာကိုစေ့စေ့ကြည့်ရင်း ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ ပါးစပ်ထဲမှ ပီကေကို အားရပါးရ၀ါးကာ ပူဖောင်းဖြစ်လာအောင် မှုတ်ထုတ်လိုက်သည်။ ဒီတစ်ခါတော့ အောင်မြင်သွားသည်။ ထက်‌ဝေယံနှုတ်ခမ်းကြားမှ ပီကေပူဖောင်းကြီး ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဖောင်းခနဲ ပေါက်ထွက်သွားကာ ရှေ့တွင်ရပ်နေသော သတင်‌ထောက်၏မျက်နှာကို တံတွေးတွေ ပီကေစတွေ စင်ကုန်သည်။ မျက်နှာကြီး ရှုံ့မဲ့သွားသည်။ စတွေ့ကတည်းက မျက်နှာတွင် တပ်ဆင်ထားသည့် ဟန်ဆောင်အပြုံးသည် ဖြုတ်ခနဲပြုတ်ကျသွားသည်။ အခြေအနေတွေ ပို မဆိုးလာခင် သတိုး ထက်‌ဝေယံရှေ့မှ ကာရပ်လိုက်သည်။ "ကျွန်တော်ပြောတဲ့ လူချစ်အောင် မနေတတ်ဘူးဆိုတာ ဒီလိုအပြောမျိုးကိုပြောတာ။ အစ်ကိုတို့ အချိန်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း လုပ်စရာလေးတွေရှိသေးလို့ ခွင့်ပြုပါဦး။ ပြန်ရအောင် ကိုလေး.." သတိုး ထက်‌ဝေယံကို ဆွဲကာ ကားရှိရာသို့ လှည့်ပြန်ဝင်လာခဲ့သည်။ သွားစရာအစီအစဉ်များကို ဖြတ်လိုက်သည်။ ထိုသူများသည် သူတို့နောက်မှ တောက်လျှောက်လိုက်လာနိုင်သည်။ ကားကို ခပ်ကြမ်းကြမ်း မောင်းထွက်လိုက်သည့် ထက်‌ဝေယံကြောင့် ထိုသူနှစ်ယောက်မှာ လန့်သွားကာ ခုန်ရှောင်လိုက်ရသည်။ ကားပါကင်မှထွက်ကာ လမ်းပေါ်ရောက်မှ သက်ပြင်းချရင်း သတိုး ရယ်ဖြစ်သည်။ "နောက် အင်တာဗျူးဖြေရင် ကိုလေးတိတ်တိတ်နေ။ ကျွန်တော်ပဲ နှစ်ယောက်စလုံးအစား ဖြေမယ်။" "ငါ့ရုပ်နဲ့ ထိန်းပေးမယ်လေ။ ဘာစကားမှမပြောဘူး။" "အဲ့ဒီ့ရုပ်က ပိုဆိုးတယ်။" ရယ်သံကို ကြားရသည်။ အရှိန်ပြင်းပြင်း မောင်းထွက်သွားသော ကားဘီးအောက်မှ ကျောက်ခဲငယ်တစ်ချို့ လွင့်စင်ကျန်ခဲ့သည်။ ဂိတ်ဝမှ ချိုးကွေ့ထွက်ပြီး နေကာမျက်မှန်၏ လက်ကိုင်တစ်ဖက်ကို နားကြားသို့ ဟန်ပါပါ ညှပ်ပြီးမှ တပ်လိုက်သည်။ သီချင်းသံကို volume မြှင့်လိုက်သည်။ ဂျယ်မလိမ်းထားသော ဆံပင်များသည် လေတဟူးဟူးကြားမှ လွင့်ကျဲနေသည်။ "ကိုလေး.." တစ်ချက်စောင်းကြည့်ရုံ။ သတိုးပြောချင်သည်ကို နားလည်သည့်အလား မျက်စိတစ်ဖက်မှိတ်ပြီး ပြုံးပြသည်။ "ဘာမှစိတ်ထဲမထားနဲ့ သတိုး။ ဘယ်သူအထင်ကြီးကြီး မကြီးကြီး ငါတော်တာ ငါသိတယ်။ ဒီလိုအပြောခံရတာကို အနမ်းခံရတယ်လို့ပဲ သဘောထားတယ်။ ရင်ခုန်ချင်သလိုလို ဖြစ်နေပြီ။" "ကိုလေးကလည်းဗျာ.." "မဗျာနဲ့။ ဒီလောက်လေးနဲ့ စိတ်ညစ်ရရင် ငါ့နာမည်ကို ထက်‌ဝေယံလို့ မခေါ်တော့ဘူး။ မင်းရော နာမည်ကြီးရတာကို စိတ်ညစ်နေပြီလား။" အဖြေသံသည် ချက်ချင်း ထွက်ပေါ်လာခြင်းမရှိ။ ကားပြင်သို့သာ ငေးကြည့်နေသည့် သတိုးမျက်လုံးများက အဓိပ္ပါယ်ဖတ်ရခက်သည်။"အရင်အချိန်တွေကို သတိရတယ်။ အောင်မြင်တာတွေ၊ ကျော်ကြားတာတွေ မရောက်လာသေးတဲ့ အချိန်တွေကို တစ်ခါတစ်ခါ ပြန်လွမ်းသလိုပဲ ကိုလေးရာ။ အခုတော့ အားလုံး ဟိုးအ‌ဝေးကြီးမှာ ကျန်ခဲ့သလိုပဲ။" ချစ်ရသော အဖွားက ပျိုးထောင်ပေးခဲ့သော ဂီတမြတ်နိုးမှု၊ ဘုရားကျောင်းအတွက်၊ ဘုရားသခင်အတွက် သီဆိုဆပ်ကပ်ခဲ့မှုများ။ ထိုမှတစ်ဆင့် မြေတောင်မြှောက်ပေးရန် ကြိုးစားခဲ့သည့် ထက်‌ဝေယံနှင့်အတူ ပြိုင်ပွဲအတွက် လေ့ကျင့်ကြချိန်၊ ပထမဆုံးအဲလ်ဘမ်အတွက် ပြင်ဆင်ကြချိန်။ အရာရာသည် တန်ဖိုးရှိခဲ့သည်။အင်တာဗျူးတွေ မရှိသေး။ ပွဲတွေ၊ ရှိုးတွေနှင့် အလုပ်မရှုပ်သေး။ ယခုတော့ အောင်မြင်မှုအတွက် လက်ခုပ်တီးနေသူများရှိသည်။ ဘယ်တော့ နာမည်ပြန်ကျသွားမလဲ စောင့်ဆိုင်းနေသူတွေရှိသည်။ အမြတ်ထုတ် လိုသုံးလုပ်ချင်သူတွေရှိသည်။ အလဲအလှယ်တွေ၊ အပေးအယူတွေ၊ မဖြစ်မနေတွေ.. ဒီလို လောကထဲမှာ ဂီတကို ဖန်တီးချင်ပြီး သီချင်းများကိုမြတ်နိုးသည့် သတိုးအတွက်တော့ အလွယ်ကြီး မဟုတ်။ အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ သတိုး စကားဆက်သည်။"ကျွန်တော် အကြောက်ဆုံးက ရှင်းခကို မကာကွယ်ပေးနိုင်မှာပဲ။ ကျွန်တော့်ကြောင့် သူ ပြောခံရမှာကို၊ သူ မလွတ်လပ်မှာကို ကျွန်တော် စိုးရိမ်တယ်။" ထက်‌ဝေယံ စကားမထောက်။ နားလည်ပါသည်ဆိုသည့် သဘောဖြစ် ခေါင်းတစ်ချက်ညိတ်သည်။ သတိုး၏စိုးရိမ်ပူပန်မှုကို နားလည်နိုင်ပေမယ့် မကူညီနိုင်။ နေရှင်းခသည် သတိုး၏ အိမ်ထောင်ဖက်ဆိုတာကို ပရိသတ်မသိအောင် ကြာရှည်ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်။ ထက်‌ဝေယံ သတိုးကို မျက်စိထောင့်ကပ်ရုံ လှည့်ကြည့်ကာ ကားရှေ့ကိုပြန်ကြည့်သည်။ "ရှင်းခ ဒီနေ့ အလုပ်မသွားဘူး မဟုတ်လား။ မင်းကို အခန်းထဲဝင်ခွင့် ပေးပြီလား။" "အဲဒါ ကိုလေးကြောင့်..." ရယ်သံက တစ်ဆက်တည်း။ သတိုး၏မျက်လုံးများ ပြုံးသွားသည်။ "ငါနဲ့ ဘာမှမဆိုင်ဘူး။" သတိုးကို နေရှင်းခ အကြီးအကျယ် စိတ်ဆိုးနေသည်။ အသေးအဖွဲကိစ္စများအတွက် မကြာခဏ စကားများတတ်ပေမယ့် ယခုတစ်ခါလောက် တစ်ခါမှ စိတ်မဆိုးခဲ့။ ဖြစ်ရသည့် အကြောင်းရင်းက ဘာမှမကြီးကျယ်ပါဟု ပြောလျှင်ရမလို ကမ္ဘာပျက်သည်လောက် ကြီးကျယ်ပါသည်ဟု ဆိုလျှင်လည်း ရလိမ့်မည်။ အဲလ်ဘမ်သစ်အတွက် သတိုးနှင့် ထက်‌ဝေယံတို့နှစ်ယောက် မကြာမကြာတွေ့ဖြစ်ကာ နေကုန်နေခန်း အလုပ်များတတ်ကြသည်။ သီချင်းပြင်၊ သီချင်းတိုက်ကြသည်။ Album Title အတွက်၊ Cover ပုံစံအတွက် ဆွေးနွေးကြသည်။ သီချင်းခေါင်းစဉ်များကို သဘောတူရွေးကြ၊ ငြင်းကြသည်။ ဘာကိစ္စမဆို အမှားမခံသော ထက်‌ဝေယံကြောင့် သဘောတူညီမှုကို လွယ်လွယ်နှင့်မရ။ သတိုးတို့အိမ်မှာပဲ ထက်‌ဝေယံတစ်ယောက် ညအိပ်ညနေ နေဖြစ်ခဲ့သည်။ တစ်အိမ်လုံး ဖွချင်သလို ဖွသည်။ ပစ္စည်းတွေ ဟိုထား ဒီထားနှင့် ဘာမှနေရာတကျ မရှိတော့။ ဘီယာခွံတွေ၊ မဆေးရသေးသည့် ပန်းကန်တွေ နေရှင်းခတစ်ယောက်တည်း ဒိုင်ခံသိမ်းရသည်။ ဒီအထိ ပြဿနာ မဖြစ်သေး။ ကုတင်ပေါ်တွင် စီးကရက်ပြာများကို တွေ့ရချိန်မှာတော့ နေရှင်းခ သည်းမခံတော့။ ထက်‌ဝေယံကို အိမ်ပေါ်ခေါ်ထားသရွေ့ မင်းပါ အပြင်ထွက်နေ ဟု အမိန့်ထုတ်ထားသည်။ "ရှင်း မလွန်ဘူး။ ကိုလေးလွန်တာ။ ကုတင်ပေါ်ထိတက်ပြီး စီးကရက်သောက်ရတယ်လို့ဗျာ။ ရှင်းခ အကြောင်းကို မသိတာလည်း မဟုတ်ဘဲနဲ့။" "ငါ့အိမ်မှာလည်း ဒီလိုပဲနေတာ။ မင်းကို ငါ့အိမ်လိုက်ခဲ့ဖို့ ခေါ်တာပဲ။ မင်းဘာသာ မင်း ယောက်ျားနဲ့ မခွဲနိုင်ဘူးဆို။" ထက်‌ဝေယံအိမ်ဆိုမှ သတိုး သတိရသွားသည်။ အခုနောက်ပိုင်း ထက်‌ဝေယံအိမ်ရောက်လျှင် လမ်းလျှောက်ဖို့ပင် နေရာမရှိအောင် ရှုပ်ပွနေတတ်သည်။ အမြဲရှင်းလင်းပေးတတ်သည့် ရဲသွေးငယ် မလာသည်မှာ ကြာပြီဆိုသည့် သဘောပင်။ အင်တာဗျူးမေးသူနှင့် ရန်ဖြစ်နေချိန်ကလည်း စင်ဂယ်ဆိုသည့် စကားကို သုံးနှုန်းခဲ့သည်။ "ကိုလေး.." "အင်း.." "ရဲသွေးနဲ့ ပြတ်သွားပြန်ပြီလား။" "အေး.." ပြုံးတုံ့တုံ့နှင့် မထူးသည့် အမူအရာ။ ထက်‌ဝေယံအကြောင်း သိနေသောကြောင့် သတိုး မျက်မှောင်ကုတ်ရုံကလွဲပြီး ထပ်မမေးတော့။ ရဲသွေးငယ်နှင့် ထက်‌ဝေယံတို့နှစ်ယောက်ကြား ပြတ်ပြီ။ ပြီးပြီ။ အဆုံးသတ်ပြီဆိုတာကို ကြားရဖန်များလွန်းသောကြောင့် အထူးအဆန်းမဟုတ်တော့။ ပြတ်ပြီးလျှင် ပြန်ဆက်ကြသည်။ ဒါပဲဖြစ်သည်။ အစောပိုင်းလောက်ကသာ ဘာလို့ပြတ်ကြတာလဲ။ ဘာဖြစ်တာလဲ။ ဘာဘာညာညာ စိတ်ပူပင်ကာ မေးတတ်၊ ပြောတတ်ခဲ့ပေမယ့် နောက်ပိုင်း မမေးတော့။ ဒါပေမဲ့ ထက်‌ဝေယံက အတော်ပင် ပြောချင်နေပုံရသည်။ "ငါကကွာ။ အင်းလေးမှာ လှေစီးချင်လိုက်တာဆိုပြီး ပြောမိတာ။" သတိုးက အင်း အဲ မထောက်။ သူ နားထောင်နေတာပင် မဟုတ်ကြောင်း သက်သေပြချင်သောကြောင့် ဖုန်းကိုဖွင့်ကာ အလုပ်များချင်ယောင်ဆောင်သည်။ "အဲဒါ မင်းရဲ့ ညီက ဘာပြောတယ်ထင်လဲ သတိုး။" သတိုး မဖြေပေမယ့် ရဲသွေးနှင့် ထက်‌ဝေယံတို့ ပြဿနာတက်တိုင်း ထက်‌ဝေယံအလွန်အမြဲမဟုတ်တာကိုတော့ နားလည်သည်။ ရဲသွေးငယ်သည် တစ်ခါတစ်ခါ အတော်ပင် ပေါင်းသင်းရခက်သူဖြစ်သည်။ ထက်‌ဝေယံက လူသဘောကျအောင် မနေတတ်သူဆိုပါလျှင် ရဲသွေးငယ်ကတော့ လူတွေ ဘယ်လိုသဘောရှိသလဲဆိုတာကို ဘယ်တော့မှ ထည့်မစဉ်းစားတတ်သူ။ သူ့ကမ္ဘာနှင့်သူ သီးသန့်နေတတ်သည်။ သတိုး အရှုံးပေးသလို လက်နှစ်ဖက် မြှောက်လိုက်သည်။ "ပြောချင်လည်း ပြောပါဗျာ။ မမေးလည်း ပြောမှာပဲ မဟုတ်ဘူးလား။ ကိုလေးက အင်းလေးမှာ လှေစီးချင်တယ်ပြောတော့ ရဲသွေး ဘာပြောလဲ။" "ငါ့ကို လှေစီးချင်တာလား။ သမ္ဗန်မော်တော် စီးချင်တာလား။ လှေမော်တော် စီးချင်တာလား။ သေချာဖြေတဲ့။ ရွက်ရယ်၊ တက်ရယ်၊ ထိုးဝါးရယ် ကြိုးရယ်ကိုသုံးပြီး လူတွေရဲ့စွမ်းဆောင်မှုနဲ့ ရွေ့ရင် လှေလို့ခေါ်ပေမယ့် စက်အကူအညီပါရင်တော့ လှေလို့ခေါ်တာ မတိကျဘူးတဲ့။" တကယ်တော့ ဒီလောက်နှင့်ပင် ရဲသွေးငယ် ရပ်ခဲ့သည်မဟုတ်။ ၀မ်းလုံးလျှင် လှေ၊ ၀မ်းပြားလျှင် သမ္ဗန်ဆိုသည့် ယေဘုယျ မှတ်ထားခြင်းမျိုးမှ စကာ မြစ်ဝကျွန်းပေါ်နှင့် အထက်အညာ အခေါ်အ‌ဝေါ် မတူပုံမျိုးမှ အဆုံး ဆရာလုပ်နေသည်မှာ မပြီးတော့။ အညာအရပ်က သမ္ဗန်ဟုခေါ်ပြီး အောက်အရပ်က ဘောက်တူဟုခေါ်သော လှေ။ အညာအရပ်က ငှက်ဟုခေါ်ပြီး အောက်အရပ်က သမ္ဗန်ဟု ခေါ်သည့် လှေ နှင့် ရေယာဉ်အမျိုးမျိုးအကြောင်း စကားရှည်ခဲ့သည်။ "ငယ်လေးက ဒီလိုပဲ စကားများနေကြကိုဗျာ။" "နေဦး။ မပြီးသေးဘူး။ ဒါနဲ့ ငါက အေးကွာ။ မင်းပြောတဲ့အတိုင်းပဲ။ လှေစီးချင်တာမဟုတ်ဘူး။ စက်လှေစီးချင်တယ်လို့ဖြေတော့ စက်လှေဆိုတာ စက်ယန္တရားတပ်ထားတဲ့ ပင်လယ်ကမ်းရိုးတန်းသွားလှေကို ပြောတာတဲ့။ အင်းလေးမှာ စက်လှေ မရှိဘူးတဲ့။" "အဲဒီ‌တော့ ကိုလေးက ဘာပြောလိုက်လဲ။" "အဲဒါနဲ့ ငါက အင်းလေးရောက်ရင် ဘာမှမစီးတော့ဘူး။ မင်းကုပ်ပိုး ခွစီးတော့မယ်လို့ ပြောလိုက်တာ စိတ်ဆိုးသွားတယ်။ သူ စိတ်ဆိုးတော့ ငါက ပိုစိတ်ဆိုးတာပေါ့။ ဒါနဲ့ပဲ ပြတ်တာ။" ထက်‌ဝေယံ၏ စကားအဆုံးမှာ သတိုးရယ်ချလိုက်သည်။ နှစ်ယောက်စလုံးသည် ကလေးစိတ်မကုန်သေး။ ရဲသွေးက စကားဖြစ်နိုင်ချင်သည်။ ထက်‌ဝေယံက ဘာနဲ့ပဲဖြစ်ဖြစ် နိုင်ချင်သည်။ ဒီတော့လည်း မတည့်အတူနေဖြစ်နေသည်မှာ မထူးဆန်း။

ကြယ်တွေကြွေသောညWhere stories live. Discover now