Sequel 6 (Unicode)

22.2K 2K 145
                                    

လင်းလက်သော မီးတိုင်များသည် ပြဇာတ်ရုံဝင်းအတွင်း မောင်းဝင်လာသော ကားမီးရောင်များနှင့်အတူ တောက်ပလှုပ်ရှားနေသည်။ မလင်းတော့သော ကောင်းကင်သည် မှောင်တော့မမှောင်သေးပါ။ နောက်ဆုံးလက်ကျန် အပြာရောင်ဖျော့ဖျော့ကောင်းကင်သည် တစ်နေ့တာ တာဝန်များပြီးဆုံးသွား၍ အိမ်ပြန်တော့မည့် ဝန်ထမ်းတစ်ဦးလို မောပန်းနေသည်။ ကားကို ပြဇာတ်ရုံ ကားပါကင်တွင် ထက်ဝေယံ ထိုးရပ်လိုက်သည်။

ယနေ့ညသည် သီချင်းပြိုင်ပွဲည။

သူ ရင်မောစိတ်လှုပ်ရှားစွာ စောင့်စားခဲ့ရသည့် သတိုးပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲည။ ထက်ဝေယံ ကားပေါ်မှခုန်ဆင်းကာ ကားသော့ကို ပါကင်ထိုးရန် ကူညီပေးသည့် ဝန်ထမ်းလက်ထဲသို့ ပစ်ထည့်လိုက်သည်။

"ငါ့ ကားခြစ်ရာတစ်ခုထင်ရန် မင်း တစ်သက်လုံး ထောင်ထဲက မထွက်ရဘူး။"

ခပ်ရို့ရို့ကောင်လေးမှာ ထက်ဝေယံ ဟောက်သံကြောင့် လန့်သွားကာ ခေါင်းပုသွားသည်။ ကားသော့ကိုပင် မီးခဲတစ်ခုလို ကြောက်လန့်တကြား ငုံ့ကြည့်နေရှာသည်။ ထက်ဝေယံ ကိုယ်တိုင်က အနီရောင် ကုတ်အကျီင်္နှင့် အနီရောင် ဘောင်းဘီရှည်ကို ဝတ်ထားသောကြောင့် မီးတောက်တစ်ခုနှင့် အသွင်တူနေသည်။ မည်းနက်သော နေကာမျက်မှန်အဝိုင်းက ဂျယ်လီဖြင့်ထောင်ထားသော ဆံပင်နီများအောက်မှာ ထင်းနေသည်။ ဘောင်းဘီအိတ်ထဲမှ ဖုန်းကို လက်တစ်ဖက်ဖြင့်ထုတ်ကာ သတိုး၏ ဖုန်းနံပါတ်ကိုခလုတ်နှိပ်ပြီး နားမှာဖိကပ်လိုက်သည်။

"သတိုး မင်း ရောက်နေပြီလား။"

"ရောက်ပြီ။ ကိုလေးရော.."

"ငါ အခုပဲရောက်တယ်။ မင်း ရှင်းခရော..."

"မလာသေးဘူး။"

ငါလာနေပြီဟုပြောကာ ဖုန်းကိုပိတ်လိုက်သည်။ ထို့နောက် ကြယ်သီးကို ရင်ဘတ်လယ်ထိဖြုတ်ထားသော ရှပ်အကျီင်္ကော်လံကို ထောင်လိုက်ကာ ခြေလှမ်းစိတ်စိတ်ဖြင့် ဝင်ပေါက်ကို လျှောက်လာခဲ့သည်။ ရုတ်ရုတ်သဲသဲဖြစ်နေသော ဝင်ပေါက်ကိုကြည့်ကာ ထက်ဝေယံ အနည်းငယ် အံ့သြသွားသည်။ လုံခြုံရေးဝန်ထမ်းနှစ်ယောက်က သူတို့ရှေ့မှ ကောင်လေးကို ထုတ်ဆီးတိုးသလို ခြေကားယား လက်ကားယားဖြင့် ကာနေကြသည်။ ထက်ဝေယံကိုမြင်သည်နှင့် လုံခြုံရေးတစ်ယောက်က ရိုရိုကျိုးကျိုးနှင့် လမ်းဖယ်ပေးသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now