Sequel 35 (Unicode)

21.2K 1.5K 81
                                    

ညနေစောင်း နေရောင်ခြည်ဖျော့ဖျော့သည် လေညှင်း၏ တိုးဝှေ့ကစားမှုကြောင့် သစ်ရိပ်များကြားမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ နိမ့်ဆင်းလာသော နေမင်းနှင့်အတူ ရှည်လျားလာသော သစ်ရိပ်၊ တောင်ရိပ်များသည် အေးချမ်းသော တောင်ပေါ်ညနေခင်း၏အလှကို ပြည့်စုံနေစေသည်။ အိပ်တန်းပျံတော့မည့် ငှက်ငယ်များ၏ တီတီတာတာ အော်မြည်သံနှင့်အတူ ၀ါးပင်များကြားမှ တောင်ပေါ်လေ၏ တေးသီဆိုသံသည် လူးလွန့်ထွက်ပေါ်လာနေသည်။ တိတ်ဆိတ်အေးချမ်းသော ဘုရားကျောင်းငယ်လေးသည် တောင်ကုန်းမြင့်တစ်ခုပေါ်မှာ တည်ရှိနေသည်။ နီညိုရောင်ဆေးသုတ်ထားသော အုတ်နံရံများနှင့် တြိဂံပုံ ဘုရားကျောင်းခေါင်မိုးထက်မှ အဖြူရောင်လက်ဝါးကပ်တိုင်သည် အရာအားလုံးကို ငြိမ်းချမ်းမှုတစ်မျိုးဖြင့် လွှမ်းခြုံထားသည်။

သတိုး ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ တောင်ပေါ် လမ်းလေးကို မျှော်ကြည့်မိသည်။ သစ်ရိပ်၊ ၀ါးရိပ်များကြောင့် အဝေးဆုံးကို မြင်ရသည်တော့မဟုတ်။ ဒါပေမဲ့ ကိုယ်ကိုရွေ့ကာ အတတ်နိုင်ဆုံး အဝေးဆုံးကို လှမ်းကြည့်သည်။

ရှင်းရာ.. လာပါတော့..

သူ့ စိတ်ထဲမှ ဒီ စကားကို ဘယ်နှစ်ကြိမ်မြောက် ပြောမိပြီလဲမသိ။ သူ တစ်နေ့လုံး နေရှင်းခအလာကို စောင့်နေခဲ့သည်။ ငြိမ်သက်စွာ တစ်နေရာတည်းမှာ ထိုင်နေလို့မရအောင်၊ စကားကို ရှေ့နောက်မမှန်အောင် ဘာတွေပြောလို့ ပြောမှန်းမသိ၊ ဘာတွေလုပ်လို့လုပ်မှန်းမသိအောင်ပင် စိုးရိမ်စောင့်စားနေမိခြင်းဖြစ်သည်။

ရိပ်ခနဲ မြင်လိုက်ရသော ကားတစ်စီး။ သတိုး ရင်ခုန်မြန်လာသည်။ အမည်းရောင် ကားတစ်စီး တောင်ပေါ်လမ်းမှ တက်လာနေသည်။ မိနစ်ပိုင်းအတွင်းမှာ ဘုရားကျောင်းရှေ့မှာ ထိုးရပ်ကာ ကားထဲမှ လှပသော သတို့သမီးလေးတစ်ယောက် ဆင်းချလာသည်။

"ယမုံ.."

ဂါဝန် အဖြူလေးနှင့် ပွင့်ယမုံသည် လှချင်တိုင်းလှနေပါသည်။ ဘေးတစ်ဖက်တစ်ချက်မှာ အခွေအလိပ်ပုံစံလေးချထားပြီး ဆံထုံးမြင့်မြင့်လေး ထုံးထားသည်မှာ တကယ့် နတ်သမီးလေး တစ်ယောက်လိုပင်။ ပုလဲပုတီးဖြူလေးကလည်း ရင်ညွှန့်လှလှထက်မှာ ငြိမ့်ငြိမ့်လေး လဲလျောင်းနေသည်။

ကြယ်တွေကြွေသောညDove le storie prendono vita. Scoprilo ora