Sequel 31 (Unicode)

16K 1.5K 28
                                    

ဟိုတယ်ကြီး၏ ဘားကောင်တာတွင် နေ့လယ်ပိုင်းဧည့်သည်ရှင်းချိန်ဖြစ်သည်။ Barman က ရေခဲတုံးငယ်များနှင့်ပြည့်နေသော lemonsoda ခွက်ကို နေရှင်းခရှေ့သို့ တရိုတသေ ချပေးသည်။

"ကျေးဇူး။"

ကျေးဇူးတင်စကားကိုပြောနေသော နေရှင်းခသည် ငိုင်နေသည်။ ချက်ချင်းမသောက်သေးဘဲ ဖန်ခွက်အပြင်မှ ရေစက်ငယ်များကို လက်ချောင်းများဖြင့် တို့ထိကာ အတွေးများဖြင့် ငြိမ်သက်နေသည်။ အစိမ်းရောင် သံပုရာသီးချပ်နှစ်ချပ်မှာ အပေါ်ဆုံးရောက်အောင် တိုးထွက်လာနေသော အမြှုပ်များကြားတွင် မငြိမ်သက်နိုင်ဘဲ လှုပ်ရှားနေကြသည်။

"Chef ဘာလိုလို့လဲ။"

"ဗျာ.. ဟင့်အင်း.. ဘာမှမလိုပါဘူး။"

နေရှင်းခ ခွက်ကိုမယူကာ တစ်ငုံမော့သောက်လိုက်သည်။ စူးစူးရှရှ ဆော်ဒါရေသည် လည်ချောင်းတစ်လျှောက် အအေးဓါတ်နှင့်အတူ လျှောဆင်းသွားသည်။ ဒါပေမဲ့ နေရှင်းခ သတိမထားမိ။ မကြာသေးမီကမှ သူ့ကိုဆုံးမခဲ့သည့် ဆရာ ဖြစ်သူ၏ စကားများကို ပြန်လည် ကြားယောင်နေမိသည်။

"မင်းက အရမ်းတော်တယ် ရှင်း.. မင်း ပြင်ဆင်သမျှထဲမှာ အမှားဆိုတာ မရှိဘူး။ ဒါပေမဲ့ တကယ့် စာဖိုမှူးကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ချက်နည်းတွေ အချိန်အဆတွေမှန်ဖို့ထက် ဒီအလုပ်ကို ချစ်ဖို့လိုတယ်။ ၀ါသနာအရင်းခံဖို့လိုတယ်။ ဒါလုပ်နေရရင် အားလုံးကိုမေ့သွားတယ်ဆိုတဲ့အထိ ပျော်ဖို့လိုတယ်။"

ထိုစကားများကိုပြောသည့် သူ့ဆရာသည် သူ့ကို နှိမ်ချင်၍မဟုတ်မှန်း နေရှင်းခ သိသည်။ တစ်နေ့နေ့ တစ်ချိန်ချိန် သူ စင်္ကာပူသို့ ပြန်လျှင် သူ့နေရာမှာ နေရှင်းခကို ထားခဲ့ချင်၍ သွန်သင်နေသည့် စေတနာ စကားများဖြစ်သည်။ ဒီတစ်လအတွင်း လုပ်ငန်းခွင်မှာ အမှားမှားအယွင်းယွင်းဖြစ်နေသည့် နေရှင်းခကို သတိပေးချင်တာလည်းပါလိမ့်မည်။ နေရှင်းခဆိုလျှင် လုံးဝယုံကြည်မှုထားခဲ့သော သူ့ဆရာသည် ဒီတစ်ခါတော့ ဒေါကြီးမောကြီးဖြင့် သူ့ကို ဆုံးမခဲ့သည်။

"မင်းမှာ အခြေခံအားလုံးပြည့်စုံနေပြီ။ မင်းရဲ့အစွမ်းအစကို ဘောင်မခတ်ဘဲ လွတ်လွတ်လပ်လပ် ဖော်ထုတ်ဖို့ အချိန်ရောက်ပြီ။ ချက်နည်းတွေ၊ အချိန်အဆတွေမေ့ပစ်။ မင်း ကောင်းမယ်ထင်သလိုသာချက်။ မင်း ပြန်စဉ်းစားကြည့်ဦး။ မင်း ပထမဆုံး chef တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့အတွေး ဘယ်တုန်းက ရခဲ့တာလဲ။ ဘာအတွက်လဲ။ အဲဒါကို မင်းပြန်စဉ်းစား။"

ကြယ်တွေကြွေသောညWhere stories live. Discover now