(၂၅)

35.5K 3.9K 184
                                    

"ရှိုင်းသွင်နဲ့ မင်းဒသရော"

ဧကရီတစ်ယောက် အဖွဲ့လူစစ်ရင်း ဈေးရောင်းသူဆီများမှ ပိုက်ဆံကောက်ကာ ကလေးများနှင့်အတူ သူတို့၏ အိမ်များသို့ လိုက်သွား၍ ပိုက်ဆံအပ်ပြီး ကလေးတို့အတွက် ရှေ့ရေးများကို မိဘများအား ပညာပေးစကားများ အနည်းငယ်ပြောပြဖို့ ရည်ရွယ်ထားသည်။ သို့သော် ထိုနှစ်ယောက် ဘယ်ရောက်နေမှန်းမသိ...ဒီအချိန်ဆို ပြန်လာသင့်နေပြီလေ။

"ငါတို့ရောက်ပြီ"

မင်းဒသက အသံကြိုပေးရင်း ရှိုင်းသွင်နှင့်အတူ ဈေးဗန်းနှစ်ချပ်ကိုင်ကာ ရောက်လာသည်။ ဧကရီကလွဲလို့ အားလုံးစိတ်ထဲ ကွက်ကျိကွက်ကျိ ဖြစ်ကုန်သည်။

"ဒီမှာ ခြောက်သောင်း...အားလုံးအပြီး"

"ဟင်..."

"ဟယ်..."

"အဲ့လောက်တောင်ရလာတယ်"

မင်းဒသက ဧကရီ့လက်ထဲ ပိုက်ဆံထည့်ပေးပြီးသည်နှင့် အဖွဲ့သားများဆီမှ အာမေဋိတ် အံ့သြသံများ အစီအရီ ထွက်လာကြသည်။ ဒီလောက်အများကြီး ဘယ်သူမှ မရကြ...အများဆုံးသည် တစ်သောင်းခွဲဝန်းကျင်တွေချည်းပင်...။

ရှိုင်းသွင်မျက်နှာသည် ပြုံးစိစိနှင့် မနည်းဖုံးဖိထားရသည်။ ဒီပိုက်ဆံတွေအားလုံးက သူ့ကောင်လေးဘောစိကြီးဆီမှ ထွက်ကျလာခြင်းပင်...။

~~~လွန်ခဲ့သော နာရီပိုင်းအတွင်းက~~~

ရှိုင်းသွင်နှင့် မင်းဒသတို့ ကမ်းခြေနားတွင် ပြေးလွှားနေပြီး မောလာသည့်နောက်တော့ နှစ်ယောက်သား လူလာနည်းသည့် နေရာသို့ သွားထိုင်ကာ လင်ဗန်းများ ချရင်း အမောဖြေကြသည်။ နေကလည်း ပူနေသောကြောင့် နှစ်ယောက်သား ကျီးကန်းမျက်မှောင်ကြုတ်သလိုရုပ်လေးများ ဖြစ်နေကြသည်။

ရှိုင်းသွင်ကတော့ မကျေနပ်သည့် လက်သီးတစ်ချက်စာတော့ မင်းဒသလက်မောင်းကို ထိုးကျွေးလိုက်သေးသည်။ မင်းဒသကတော့ ပြုံးပြုံးပင်....။

"မောနေပြီမလား...အဲ့ကြောင့် ငါပြေးသလို မပြေးနဲ့လို့ပြောတယ်"

မင်းဒသသည် ရှိုင်းသွင်၏ နဖူးပေါ်တွင် ချွေးများဖြင့် ကပ်နေသော ဆံပင်စများကို သပ်တင်ပေးရင်း ပြောလိုက်သည်။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now