(၂၉)

38.9K 4.2K 253
                                        

ရှိုင်းသွင်တစ်ယောက် တစ်ကိုယ်လုံး လုံခြုံသည်ထက်ပိုအောင် ဝတ်စားထားကာ ကမ်းခြေစပ်နားလေးတွင် ထိုင်နေမိသည်။

မနက်ပိုင်းက ဧကရီ့ကျေးဇူးနှင့် လူမမြင်သူမမြင်လေး အေးအေးဆေးဆေး စာသင်နိုင်လိုက်သည်။ မင်းဒသကတော့ ဧကရီဆွဲခေါ်သည့်နောက် ပါသွားကာ ဘာလိုက်လုပ်ရလဲတော့မသိ...ရယ်တော့ရယ်ရသည်...သူ့ခမျာ ကိုယ့်ဘေးနားနေချင်တာတောင် မနေရဘဲ ပါသွားရတော့ မျက်နှာတစ်ခုလုံးက မုန်တိုင်းမိထားသလို စူပုတ်လို့...။

အခုလောလောဆယ်တော့ မင်းဒသသည် ရှိုင်းသွင်နားတွင်မရှိ...ကျောင်း၏ အကျော်အမော် ဇိုးအဖွဲ့နှင့် စကားလက်ဆုံကျနေသည်။ တဟားဟားအော်ရယ်နေသံများက ရှိုင်းသွင် လှည့်မကြည့်ရင်တောင် ကြားနေရသည်။

"ရှိုင်း"

ဘေးနားကို ဝုန်းခနဲရောက်လာသည့် အရိပ်ကြောင့် ရှိုင်းသွင်လန့်သွားသည်။ ရှောင်နေသည့်အထဲ သူလည်းပါသည်။

"နင့်အချစ်တော်ရော"

ချစ်ရိပ်မေအမေးကို ရှိုင်းသွင်နားမလည်စွာဖြင့်....

"ဘာအချစ်တော်လဲဟ"

"မင်းဒသလေ...နင့်အနားကနေ တဖဝါးမှမခွာ တောက်တဲ့လိုကပ်နေတဲ့ကောင်"

"အာ...ဟိုမှာလေ..သူ့အဖွဲ့နဲ့သူ စကားများနေတယ်"

ချစ်ရိပ်မေသည် ရှိုင်းသွင်ကို မျက်လုံးစိမ်းကြီးများဖြင့် အားကုန်စိုက်ကြည့်နေဆဲ...။ ရှိုင်းသွင်စိတ်ထဲ ကြက်သီးများ ဖြန်းဖြန်းတောင် ထလာရသည်အထိ...။

"အရိပ်...နင်ဘာဖြစ်လာတာလဲ"

"ငါဘာမှမဖြစ်ဘူး...နင်ဖြစ်နေတာ"

"ငါက ဘာဖြစ်နေလို့လဲ....ငါ ဘာမှမဖြစ်ထားပါဘူးရော"

"နင်နဲ့ မင်းဒသက ဘာလဲ"

ဒီလိုမေးခွန်းမျိုးကို ဒီလိုအချိန်မှာ ကြားရမယ်လို့ မထင်ထားသောကြောင့် ရှိုင်းသွင်တခဏတော့ ဟန်ပျက်သွားသည်။ သို့ပေမယ့် နားမလည်သည့်သဘောမျိုးဖြင့် မျက်မှောက်ကုတ်ရင်း ခပ်ကျဲကျဲရယ်လိုက်ကာ...

"နင်ဘာတွေ ကြောင်တောင်တောင်တွေ လာမေးပြန်တာလဲ"

"ငါဘာမေးနေလဲ နင်သိတယ်...ဖြေစမ်းပါ"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now