"ရှိုင်းသွင်...တော်ပြီလေ...နင်သောက်တာ နင့်limitကို တော်တော်ကျော်နေပြီဟဲ့"
ကမ်းခြေသဲပြင်တွင် ချစ်ရိပ်မေ၊ ရှိုင်းသွင်တို့ အုပ်စုလိုက် အင်အားတောင့်တင်းစွာဖြင့် ဝိုင်းဖွဲ့ထိုင်ကာ ဝီစကီ၊ ဘီယာ၊ ဝိုင် အမျိုးအစားစုံလင်စွာနှင့် သောက်ပွဲကျင်းပနေကြသည်။
ရှိုင်းသွင်အတွက် အတော်ဖြစ်သွားသည်။ မင်းဒသနှင့် စိတ်တိုပြီး ထွက်လာတည်းက ကျော်မင်းသူတို့အခန်းတွင် တနေကုန်အိပ်ပစ်သည်။ ညစာတောင်ထမစား...နောက်တော့ သောက်ဖို့ ချိန်းထားသည့်အတိုင်း ရွန်းတို့သူငယ်ချင်းအုပ်စုနှင့် ဧကရီပါ အပါအဝင် အခုလိုသောက်ဖြစ်ကြသည်။
"ငါမမူးသေးဘူး"
ရှိုင်းသွင်၏ မမူးသေးဘူးဆိုသည့်စကားကို အားလုံးက အတော်နားထောင်ယူလိုက်ရသည်။ မျက်စိနှစ်လုံးကလည်း ပိတ်မလိုလို မပိတ်လိုလိုတွေ ဖြစ်နေသည်။
ရွန်းသည် တမင်ကို ရှိုင်းသွင်နားထိုင်နေသည်။ နောက်တစ်ဖက်တွင်တော့ ချစ်ရိပ်မေရှိသည်။ ရှိုင်းသွင်နှင့် မျက်နှာချင်းဆိုင်တွင်တော့ ဧကရီရှိသည်။ သူ့ဘေးမှာ ထုံးစံအတိုင်း စည်သူရှိနေသည်ပေါ့။
ရှိုင်းသွင်တစ်ယောက် နောက်ဆုံးလက်ကျန် ဝီစကီနှင့် ဝိုင်ရောထားသည့် ခွက်ကို အကုန်မော့ချပြီးနောက် ခေါင်းက ထောင်မလာတော့....ရလဒ်ကတော့ ရွန်းအပေါ်ကို တစ်ကိုယ်လုံးပစ်လဲကျပြီး အိပ်သွားသည်။ ဧကရီ ထိုမြင်ကွင်းကိုကြည့်ပြီး ရှိုင်းသွင်အစား ခေါင်းကြိမ်းသွား၏။ မင်းဒသသာ မြင်လျှင် ပြသနာအကြီးအကျယ်တက်မည့် မြင်ကွင်း....။
"ဟဲ့...ရှိုင်းရေ...ဘယ်လိုဖြစ်လို့ သူများအပေါ်အိပ်ရတာလဲ...ထစမ်း"
ချစ်ရိပ်မေတစ်ယောက် ရှိုင်းသွင်တင်ပါးကို တဖတ်ဖတ်ရိုက်ကာ နှိုးနေသော်လည်း ဟိုက လှုပ်တောင်မလှုပ်...ထိုအစား ရွန်းခါးကို သူ့လက်နှစ်ဖက်ဖြင့်ဖက်လိုက်ကာ....
"နွေးနေတာပဲ...အိပ်မှာ...ဒီမှာပဲ အိပ်မှာ"
အမှန်တကယ်တမ်း ရှိုင်းသွင်ထင်နေသည်က ချစ်ရိပ်မေပေါင်ပေါ်တွင် အိပ်နေသည်ဟု အထင်ရှိနေခြင်းဖြစ်သည်။ ဧကရီကလွဲ၍ အကုန်လုံး၏ မျက်နှာများသည် ပြုံးစိစိ...အစတည်းက ရှိုင်းသွင်နှင့် ရွန်းကို သဘောတူထားကြသည့်သူတွေချည်း ဆိုနေတော့ကား....။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
