441-450

290 31 0
                                    

အဆုံးမဲ့အာဏာ  အပိုင်း ၄၄၁
နတ်ဘုရားစွမ်းရည် အားပြိုင်ပွဲ

" ပြီးပြီ "
ရှင်းတိကောဝမ်က အခုမှ စိတ်သက်သာရာ ရသွားပါတော့တယ် ။ သူက လီဖူချန်းလို ပြိုင်ဘက်ကင်း ထွတ်ခေါင်ပါရမီရှင်ကို သတ်လိုက်ရတဲ့အတွက် နည်းနည်း နှမြောနေမိသလိုပါပဲ ။ ဒါက ကောင်းကင်ဘုံက ဖန်ဆင်းပေးထားတဲ့ အနုပညာ ပစ္စည်းတစ်ခုကို ဖျက်ဆီးမိလိုက်တဲ့ ခံစားချက်မျိုးလားလို့တောင် သူမေးခွန်း ထုတ်နေမိပါတယ် ။
ဒါပေမဲ့လည်း သူ့ရဲ့ အဲသည်ခံစားချက်ဟာ သိပ်ကြာကြာ မခံခဲ့ပါဘူး ။ သိုင်းတာအိုရဲ့ လမ်းစဉ်က ရှည်လျားလွန်းလှပါတယ် ။ ပြီးတော့ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ယူတယ်ဆိုတာကလည်း သည်လောကမှာ ဖြစ်နေကျပါပဲ ။
အခုသူက လီဖူချန်းကို သတ်လိုက်ပြီ ဆိုမှတော့ လီဖူချန်းရဲ့ ကံကောင်းမှုတွေဟာ သူ့ဆီကို အနည်းနဲ့အများ ရောက်လာမှာ ဖြစ်ပါတယ် ။ဒါက သူ့အတွက် မဟာကံကောင်းမှုကြီးပင် မဟုတ်ပါလား ။

" မဖြစ်နိုင်ဘူး "
မူဟန်ရှင်းကတော့ ခါးသီးစွာ ရေရွတ်လိုက်ပါတယ် ။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ အံ့သြတုန်လှုပ်မှုတွေနဲ့ အကြောက်တရားရဲ့ အငွေ့အသက်တစ်ခုက လွန်ဆွဲလို့ နေခဲ့ပါပြီ ။
" ဟီး.…ဟီး……။ သည်ကောင်စုတ်လေးက ပြိုင်ဘက်ကင်းတဲ့ ထွတ်ခေါင် ပါရမီရှင်ဖြစ်လည်း ဘာအရေးလဲ ။ သေသွားတဲ့ ထွတ်ခေါင်ပါရမီရှင်က ခွေးသေကောင် တစ်ကောင်နဲ့ အတူတူပဲ "
သွေးဘိုးဘိုးကြီးက စပ်ဖြဲဖြဲ နဲ့ အော်ရယ်လိုက်ပြီး ယင်ဘိုးဘိုးကြီးကတော့ ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေပါတယ် ။
" သည်ကောင်လေးက တကယ်ကြီး ရှင်းတိကောဝမ်ရဲ့ ခြေနင်း ကျောက်တုံး ဖြစ်သွားတာလား "
ရှီဟွာဘုရင်မက သက်ပြင်းတစ်ချက် ခိုးချလိုက်ပါတယ် ။
သူက လီဖူချန်းအတွက်တင်  သက်ပြင်းချလိုက်တာ မဟုတ်ပါဘူး ။ နတ်ဆိုးဆယ်ပါးနယ်မြေ အတွက်ကိုပါ ပေါင်းပြီး သက်ပြင်းချလိုက်တာ ဖြစ်ပါတယ် ။
တကယ်လို့ သည်တိုက်ပွဲမှာ လီဖူချန်း နိုင်သွားခဲ့မယ်ဆိုရင် သူတို့နတ်ဆိုးဆယ်ပါး နယ်မြေဟာ မြေလှန်ခံရတော့မှာပါ ။
ဒါပေမဲ့ ရှင်းတိကောဝမ် နိုင်သွားခဲ့တဲ့အခါမှာတော့ သူတို့ နတ်ဆိုးဆယ်ပါးနယ်မြေဟာ အသက်ရှုချောင်သွားခဲ့ပါပြီ ။
သူတို့အနေနဲ့ ရှင်းတိကောဝမ် ရှိနေသမျှ ကာလပတ်လုံး ပုန်းအောင်းနေရုံပါပဲ ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နတ်ဆိုးဆယ်ပါးနယ်မြေအတွက် အခွင့်အလမ်း ပြန်ပေါ်လာမှာ ဖြစ်ပါတယ် ။
မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေရဲ့ သက်တမ်းက လူတွေထက် အများကြီးသာနေတာက  သူတို့ရဲ့ အားသာချက် တစ်ခုလို့တောင် ဆိုနိုင်ပါတယ် ။ ရှင်းတိကောဝမ်က တိုက်ပွဲဝိညာဉ်နဟ်ပယ်ကို မချိုးဖောက်နိုင်ခဲ့ရင်တော့ အသက်ကြီးကြီး သေမှာပါပဲ ။
ပွဲကြည့်ပရိသတ်တွေ အကုန်လုံးကတော့ သူတို့ရဲ့ အနာဂတ်အကြောင်းကို အမျိုးမျိုး တွေးတောစဉ်းစား နေကြပါတယ် ။
အဲသည်အချိန်မှာပဲ…………
ထပ်……ထပ်……ထပ်………
ဝုန်း………
လီဖူချန်းကို ဖိနှိပ်နေတဲ့ ခရမ်းရင့်ရောင် မိုးကြိုးလှံဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး ပေါက်ကွဲထွက်သွားခဲ့ပါပြီ ။ အဲသည်ပေါက်ကွဲမှုဟာ လီဖူချန်းအတွက်တော့ ကောင်းတဲ့ပါက်ကွဲခြင်း မဟုတ်ခဲ့ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ အဲသည်ပေါက်ကွဲမှုကနေပြီး မရေမတွက်နိုင်တဲ့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေ ဖြစ်တည်လာပြီး သူ့ကို တိုက်ခိုက်လိုက်လို့ပါပဲ ။
ဂျိန်း……ဂျိန်း……ဂျိန်း……
ဝုန်း…… ဝုန်း……
မရေမတွက်နိုင်တဲ့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေဟာ လီဖူချန်းရှိရာကို အရှိန်အဟုန် အပြည့်နဲ့ ထိုးဆင်းသွားခဲ့ပါပြီ ။ သည်မိုးကြိုးသွားတွေရဲ့ တိုက်ခိုက်မှုဟာ အချင်းဝက် ဆယ်မိုပတ်လည်ကို  လွှမ်းခြုံထားခဲ့ ပါသေးတယ် ။ လီဖူချန်းအနေနဲ့ အတောင်ပေါက်လာရင်တောင်မှ သည်တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်စရာ မရှိပါဘူး ။
နတ်ဘုရားစွမ်းရည် ………
သည်စွမ်းရည်ရဲ့ အတွေးတစ်ချက်ကတင် ထောင်နဲ့ချီတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို သတ်ပစ်နိုင်ဖို့အတွက် လုံလောက်ပါတယ် ။
နောက်ဆုံးမှာတော့ မိုးကြိုးတွေ ပျောက်ကွယ်သွားခဲ့သလို ပတ်ဝန်းကျင် ရာသီဥတုဟာလည်း ပြန်လည် တည်ငြိမ်သွားခဲ့ပါပြီ ။
လီဖူချန်းရှိနေတဲ့ နေရာကတော့ ဥက္ကာခဲမိုးတစ်ခု ရွာချသွားသလိုပါပဲ ။ လုံးဝ ရစရာ မရှိတော့ပါဘူး ။ ပြီးတော့ ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်နေပါသေးတယ် ။
အဲသည်ချိုင့်ဝှမ်းကြီးကတော့ အင်မတန် ကြီးမားလွန်းလှတဲ့အတွက် မြို့အသေးစားလေး တစ်ခုကိုတောင် အလွယ်တကူ ထည့်ထားလို့ ရမယ့်ပုံပါပဲ ။ပြီးတော့ အဲသည်ချိုင့်ဝှမ်းကြီးရဲ့ အနက်ကလည်း ပေတစ်ထောင်ကျော် ရှိနေပါတယ် ။
" ဟင်   "
ရှင်းတိကောဝမ်ဟာ မူမမှန်တာ တစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ ။
သိပ်မကြာခင်မှာပဲ ကျန်တဲ့သူတွေကလည်း အဲသည်အချက်ကို သတိပြုမိ သွားခဲ့ပါတယ် ။
အလယ်ဗဟို………
အဲဒါကတော့ ချိုင့်ဝှမ်းကြီးရဲ့ အလယ်ဗဟို တည့်တည့်မှာ လူရိပ်တစ်ခု ရှိနေတာပါပဲ ။အဲသည်လူရိပ်ကို အားလုံးက သေသေချာချာ မြင်နေရပါတယ် ။အဲသည်လူရိပ်ကတော့ လီဖူချန်းကလွဲပြီး တခြားလူ  ဖြစ်စရာ အကြောင်းမရှိပါဘူး ။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ရှင်းတိကောဝမ်ရဲ့ နတ်ဘုရားစွမ်းရည်ဟာ လူတစ်ယောက်ကို အစိတ်စိတ် အမွှာမွှာ လုပ်န်ိုင်ဖို့အတွက် လုံလောက်ပါတယ် ။ အလောင်း ကျန်ခဲ့ဖို့ မပြောနဲ့ ။ လက်နက်ပစ္စည်းတွေ အကောင်းအတိုင်း  ကျန်နေခဲ့ရင်တောင်မှ ကံကောင်းလှပြီလို့ ဆိုရမှာပါ ။
ဒါပေမဲ့ အခုတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ မပျက်စီးဘဲ ကျန်ရှိနေပါတယ် ။ဒါက တကယ့်ကို  ထူးဆန်းအံ့သြဖွယ်ရာပါပဲ ။ဒါပေမဲ့ အဲသည်ထက် ပိုထူးဆန်းအံ့သြဖို့ ကောင်းတာက ဆက်ဖြစ်လာခဲ့ပါသေးတယ် ။
အဲဒါကတော့ သေပြီလို့ အားလုံးထင်မှတ်ထားခဲ့တဲ့ လီဖူချန်းဟာ လှုပ်ရှား လာတာပါပဲ ။
ဟူး………
လီဖူချန်းဟာ ဒူးတစ်ဖက်ကို ကွေးပြီး အားယူကာ ကောင်းကင်ပေါ်ကို ပျံတက်လာခဲ့ပါပြီ ။ သူက မထီတရီ ပြုံးလိုက်ပြီး  ရှင်းတိကောဝမ်ကို လှောင်လိုက်ပါတယ်။
" ရှင်းတိကောဝမ် …… ခင်ဗျားရဲ့ နတ်ဘုရားစွမ်းရည်က သိပ်လည်း မစွံပါလား "
လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ မိုးကြိုးတွေကြောင့် ဖြစ်လာတဲ့ မီးလောင်ဒဏ်ရာတွေ ရှိနေဆဲပါပဲ ။ ဒါပေမဲ့ အဲဒါတွေက သူ့ကို  ဒဏ်ရာ ကြီးကြီးမားမား မပေးနိုင်ခဲ့သလို သူ့ရဲ့ ချီအရှိန်အဝါကိုလည်း အားမနည်းသွားစေပါဘူး ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now