အဆုံးမဲ့အာဏာ အပိုင်း ၅၁၁ ( စာစဉ် ၃၈ )
ကိုးနဂါးလက်သည်းသက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေကတော့ လီဖူချန်းကြောင့် အတော်လေး ခေါင်းကိုက်နေကြပါပြီ ။
ကြေးခွံဖြူ တိုက်ကြီးကို ပို့လိုက်တဲ့ လဝက်အတွင်းမှာပဲ လီဖူချန်းက တောင်တန်းနယ်မြေ ၁၂ခုကို သိမ်းပိုက်ပစ်လိုက်ပါတယ် ။ သူတို့က သည်လို အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ တွေးမထင်ထားတာ အမှန်ပါပဲ ။
အဲသည်အတွက် သူတို့ဟာ အစည်းအဝေး မထိုင်လို့ မရတော့ပါဘူး ။
" လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခု အကျော်လောက်က ကျုပ်တို့ သက်တံနီဂိုဏ်းဟာ ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက်ပိုင်းဒေသ တစ်ဝက်လောက်ကို သိမ်းပိုက်ခဲ့ဖူးတယ် ။ဒါပေမဲ့ အဲဒါက အကြီးအကဲယွန် ရှိနေခဲ့လို့ပဲ ။ သူက သည်နောက်ပိုင်း နှစ်၂၀၀ အတွင်းမှာ သက်တံနီဂိုဏ်းရဲ့ အထူးချွန်ဆုံး ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်တယ် ။ သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို အသက်၃၀ မတိုင်မီမှာ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့သလို မူလပင်လယ် နယ်ပယ်ကို ရောက်တဲ့အခါမှာလည်း အသက် ၅၀ မပြည့်သေးဘူး ။ ဒါပေမဲ့ လီဖူချန်းကတော့ ကြေးခွံဖြူတိုက်ကြီးကို ရောက်တာ လဝက် မပြည့်သေးခင်မှာပဲ တောင်တန်း နယ်မြေ ၁၂ခုကို သိမ်းပိုက်လိုက်ပြီ ။ ငါက လီဖူချန်းအနေနဲ့ ငါတို့သက်တံနီဂိုဏ်းရဲ့ ပိုင်နက်ကို ဘယ်လောက်အထိ တိုးချဲ့နိုင်မလဲဆိုတာ သိချင်မိတယ် "
" ကျုပ်ကတော့ လီဖူချန်းကို အကြီးအကဲယွန် နဲ့ နိုင်းယှဉ်ဖို့ အရမ်း စောလွန်းသေးတယ်လို့ ထင်တာပဲ ။ သူက အခုမှ ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာပဲ ရှိနေသေးတာလေ ။ ဒါပေမဲ့ လီဖူချန်းရဲ့ အစွမ်းက သက်တံနီဂိုဏ်းရဲ့ သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ၁၀ယောက်ထဲမှာ ပါနိုင်တာကိုတော့ ငါ မငြင်းလိုဘူး "
" သူက သည်လောက်အထိ အစွမ်းထက်နေမှတော့ ဘာဖြစ်လို့ ငါတို့က သည်တစ်ကြိမ်မှာ လူ၅၀၀၀ မပို့ကြတာလဲ ။ နိုင်ငံတော် ၇ခုမှာ ရှိသမျှ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို အဆင့်မခွဲဘဲ ဆင့်ခေါ်လိုက်ကြရအောင် "
" ဟုတ်တယ် ။ ငါတို့က လူအင်အားပဲ လိုနေတာလေ ။ ငါတို့က စံနှုန်း အဆင့်သတ်မှတ်ချက်ကို လျော့ပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် မှန်သမျှကို ဆင့်ခေါ်လိုက်မယ် ဆိုရင် လူ၅၀၀၀ လောက်တော့ အသာလေး ရမှာပဲ "
" အေး ...... မင်းတို့က လီဖူချန်း တောင်းထားတဲ့ လူအရေအတွက်ကိုသာ စိတ်ပူနေကြ ။ ငါကတော့ သူ့ကို ပေးရမယ့် အပိုဆုလာဘ်တွေအကြောင်း စဉ်းစားရင်းနဲ့ ခေါင်းကိုက်နေပြီ ။အစတုန်းကဆိုရင် ငါတို့ သက်တံနီဂိုဏ်းက တောင်တန်း ၃ခုပဲ ပိုင်တာ ။ အခုတော့ ငါတို့ပိုင်တဲ့ တောင်တန်းက ၁၃ခု ရှိနေပြီ ။ အဲသည်တောင်တန်း ၁၃ကနေ စုဆောင်းရရှိလာမယ့် ကြေးခွံဖြူ ဆေးပင်အရေအတွက်ကိုလည်း ခန့်မှန်းကြည့်ကြဦး ။ အဲသည် အရေအတွက် အရင်လတွေကထက် အဆပေါင်းများစွာ ရှိနေမှာနော် ။ ပြီးတော့ အဲဒါက အခုမှ ပထမလပဲ ရှိသေးတယ် ။ နောက်ထပ် လတွေဆိုရင် လီဖူချန်းက နောက်ထပ် တောင်တန်းတွေကို သိမ်းပိုက်ဦးမှာ အသေအချာပဲ ။အဲသည်အခါကျရင် သူ့ကိုပေးရမယ့် အပ်ိုဆုလာဘ်တွေက ဘယ်လောက်အထိ ဖြစ်သွားမလဲ ။ သူ့ကို ပေးရမယ့် ထောက်ပံ့ရေးရမှတ်တွေက သိန်းဂဏန်းလောက်အထိကို ဖြစ်ရင် ဖြစ်သွားမှာ ။ အဲဒါက ငါတို့ သက်တံနီဂိုဏ်းရဲ့ ဆုပေး စနစ်ကို ပျက်စီးသွားစေလိမ့်မယ် "
" ခင်ဗျား ပြောတော့လည်း ဟုတ်တာပဲ ။အဲဒါက ပြသနာ နည်းနည်း ရှိနေပြီ "
သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေက လီဖူချန်းရဲ့ ဆုလာဘ် ကိစ္စကို တွေးမိလာကြပါပြီ ။ အဲဒါက တကယ့် ပြသနာပါပဲ ။

YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE