Chapter 1
သူငယ်ချင်းလေး မင်းကသေသွားခဲ့ပြီယောင်စစ် အခုတလောသူ့ကိုယ်သူတစ်ခုခုမှားနေတယ်ဟု ခံစားနေရသည်။ သူကပုံမှန်ဆိုသစ်တုံးကြီးတစ်တုံးလိုအိပ်သွားတတ်ပြီး မိုးကြိုးပစ်ရင်တောင်မှမနိုးတတ်ပေ။ သို့သော်လည်း သူမ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကစ၍လုံးဝအိပ်မပျော်ခဲ့သည့်အပြင် ပို၍ထူးဆန်းသည့်အရာမှာထိုသို့ရက်ပေါင်းများစွာမအိပ်စက်ခဲ့သော်လည်း စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွနေခြင်းပင်။
သူမ၏ခါးကလဲမနာတော့ပဲ ခြေထောက်များသည်လည်း အားနည်းချိနဲ့မနေတော့ပေ။ နှစ်ပေါင်းများစွာသူမကိုနှောက်ယှက်နေကြ ဓမ္မတာကပင်သူမဆီအလည်မလာတော့ချေ။ အသက်တစ်ရှိုက်အတွင်းပင် လှေကားဆယ်ထပ်လုံးကိုအေးဆေးတက်နိုင်နေပေသည်။
သူမ၏အစာစားချင်စိတ်ကပို၍ပင် ထူးဆန်းနေလေသည်။ သူမတစ်သက်လုံး ငရုတ်သီးအစပ်ချစ်သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ယခုတွင်တော့ ငရုတ်သီး၏နီနီရဲရဲအရောင်ကိုမြင်လျှင်ပင် ဗိုက်အောင့်လာသည်။
အစက သူမ၏အိပ်မပျော်သည့်ရောဂါကြောင့် အစာအိမ်နှင့်သရက်ရွက်အားနည်းနေသည်ဟုထင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် ဒီလောက်မရိုးရှင်းတော့ဘူးဟု သိလာသည်။ ငရုတ်သီးအစပ်မစားနိုင်တော့ရုံတင် မဟုတ်ပဲ ခံတွင်းပျက်ရောဂါရှိနေသည့် လူတစ်ယောက်လို အစားအသောက်စားချင်စိတ် ပျောက်ဆုံးသွားခြင်းဖြစ်နေသည်။ သို့သော်မထင်မှတ်ထားသည့်အရာမှာ သူမအကြည့်တစ်ချက်ပင်မစွန့်ကြဲခဲ့ဖူးသော ဘဲသွေးခဲကိုသာ အလွန်အမင်းစားချင်စိတ်ဖြစ်နေခြင်းဖြစ်လေသည်။
"ဟေး.. ကောင်မလေး မင်းငါ့ရဲ့ဘဲသွေးခဲတွေကိုထိုင်ကြည့်နေတာ နာရီဝက်လောက်ရှိနေပြီနော်..မင်းဝယ်မှာလားမဝယ်ဘူးလား"
"ဟမ်.."
စစ်စစ်တစ်ယောက်ကြောင်တောင်တောင်ဖြစ်သွားသည်။ သူမ၏မျက်လုံးများသည် စင်ပေါ်ရှိအနီရဲရဲအရာများပေါ်တွင်သာ ကော်နှင့်ကပ်ထားသလိုဖြစ်နေပြီး စိတ်နှင့်လူနှင့်မကပ်သေးချေ။
"ဝယ်မှာလား... မဝယ်ဘူးလား""ဘာတွေတုံ့ဆိုင်းနေစရာများရှိလို့လဲ မင်းစားချင်ရင်ဝယ်လိုက်ပေါ့"
ဆိုင်ရှင်က စိတ်အားထက်သန်စွာဖြင့် သူ၏လုပ်ငန်းပိုင်းဆိုင်ရာကိုကျွမ်းကျွမ်းကျင်ကျင်ကြော်ငြာဝင်လေသည်။