ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၇ {အာရန်နဲ့ အီနော့ခ် ၁}
ဒါပေမဲ့ သူတို့ရဲ့ စေ့စပ်မှုက သက်ဆိုးမရှည်လိုက်ပါဘူး။ သူတို့နှစ်ယောက် လက်ထပ်ဖို့ သဘောတူပြီးလို့ တစ်နှစ်အကြာမှာ မဟာအမျိုးသားပါတီက ပုန်ကန်ခဲ့တယ်။ အီနော့ခ် ရော့ခ်ရဲ့ မိခင်နဲ့ ဖခင်ဖြစ်သူတို့မှာ အပြစ်ရှိနေတာကို တွေ့ရပြီး ချက်ချင်းပဲ ကွပ်မျက်ခံလိုက်ရတယ်။ အီနော့ခ်ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရင်း ငိုကြွေးအသနားခံနေခဲ့တဲ့ အာရန်ရဲ့ အပြစ်မဲ့အရိုးခံ ငိုကြွေးသံတွေကြောင့် အီနော့ခ်ကတော့ အသက်ချမ်းသာရာရခဲ့တယ်။ အဲ့ဒီနောက် သာမန်ပြည်သူတစ်ယောက်အဖြစ် အရိုက်အရာအချခံခဲ့ရပေမဲ့ အီနော့ခ်တစ်ယောက် ကျွန်တော့ဖြစ်မသွားခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ အာရန်က သုံးရက်တိတိ အစာစားဖို့ ငြင်းဆန်ခဲ့တာမို့ ဧကရာဇ်လည်း ပျာယာခတ်သွားတော့တာပေါ့။ သူ့ရဲ့သမီးတော် ယူကျုံးမရစရာ လုပ်ရပ်တစ်ခုခုကို လုပ်သွားမှာ စိုးရွံ့မိတာကြောင့် အီနော့ခ်ကို အမြန်ပဲ တော်ဝင်နန်းတော်ထဲ ခေါ်ထည့်ထားလိုက်တယ်။
ခင်ပွန်းလောင်းမဟုတ်တော့တာတောင်မှ အာရန်က အီနော့ခ်ကို ညင်ညင်သာသာလေး ဂရုစိုက်ပေးခဲ့တယ်။ သူ အရူးအမူးချစ်မိတဲ့လူကို ကူညီပေးနိုင်တဲ့သူက သူတစ်ယောက်တည်းရှိတယ်ဆိုတဲ့ အတွေးမျိုးတွေ ဝင်မိတဲ့အခါလည်းရှိပြီး ကြေကွဲဝမ်းနည်းစရာ ကံကြမ္မာနဲ့ ကြုံဆုံခဲ့ရပေမဲ့ သူ့ချစ်သူ ဘေးကင်းကင်းရှိနေတာကိုပဲ သူက ကျေနပ်လှပြီလေ။ အီနော့ခ်တစ်ယောက် မျက်ရည်တွေနဲ့ ငိုကြွေးနေတာကို တွေ့မြင်ခဲ့ရချိန်တွေရှိခဲ့ပြီး အဲ့ဒီလိုအချိန်မှာတော့ သူ့အသက်အတွက် အသနားခံခဲ့ချိန်တုန်းကလို အီနော့ခ်ကို ပွေ့ဖက်ထားပေးရုံအပြင် အာရန် တခြားဘာမှမလုပ်ခဲ့ပါဘူး။
ကံဆိုးချင်တော့ အာရန်ရဲ့ပျော်ရွှင်မှုဟာ သူ့ရဲ့ထိမ်းမြားဖို့ သဘောတူညီမှုလိုပဲ မြန်မြန်အဆုံးသတ်သွားခဲ့တယ်။ သူ့ရဲ့ အယုံကြည်ရဆုံး အားအကိုးရဆုံး မဟာမိတ်တွေဖြစ်ကြတဲ့ သူ့မိဘနှစ်ပါးဟာ ခရီးသွားနေစဉ်မှာ ယူကျုံးမရစရာ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လေ။ ဧကရီက ပွဲချင်းပြီး ကံတော်ကုန်သွားခဲ့ပြီး ဧကရာဇ်ကတော့ ဒုက္ခိတဘဝနဲ့ အိပ်ရာထဲလဲသွားတော့တယ်။
အိမ်ရှေ့စံက နန်းတက်သွားပြီး ချက်ချင်းဆိုသလို အီနော့ခ်ကို စစ်မှုထမ်းစာရင်းသွင်းပြီးတော့ တော်ဝင်နန်းတော်ကနေ နှင်ထုတ်ပစ်လိုက်တယ်။ အာရန်က အကြောက်အကန် ကန့်ကွက်ခဲ့ပေမဲ့ သူ့အစ်ကိုတော်က သူ့ခမည်းတော်မှမဟုတ်ခဲ့ဘဲ။ အစ်ကိုတော်က အာရန်ရဲ့ အလှတရားနဲ့ မိန်းမဆန်မှုတို့ကို သတိထားမိသွားခဲ့တယ်။ သူက အာရန့်ကို ကြွယ်ဝတဲ့ မားကီးစ် မက်စ်ဝဲလ်ဆီ ရောင်းစားဖို့ စီစဉ်ခဲ့တယ်လေ။ မားကီးစ်က အာရန်ထက် အသက်ငါးဆယ် ပိုကြီးတဲ့ အဘိုးကြီးတစ်ယောက်ပါ။
နန်းတက်ခါစ ဧကရာဇ်က သူနန်းတက်ပြီး ဘယ်လောက်မှမကြာခင်မှာ အာရန်နဲ့ မားကီးစ်ရဲ့ ထိမ်းမြားလက်ထပ်ပွဲကို အတင်းစီမံပါတော့တယ်။
သူတို့လက်ထပ်တဲ့နေ့မှာ တော်ဝင်နန်းတော်ထဲ ကြိုတင်ခိုးဝင်ထားနှင့်ခဲ့တဲ့ အီနော့ခ်တစ်ယောက် ပေါ်လာခဲ့တယ်။ အင်ပါယာတော်ဝင်မိသားစုနဲ့ သူတို့ရဲ့ သစ္စာခံနောက်လိုက်တွေဟာ အီနော့ခ်ရဲ့တပ်သားတွေ ခေါင်းဖြတ်တာကို ခံလိုက်ရတော့တယ်။ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူ တော်ဝင်သွေးကတော့ အာရန်ရို့ဒ် လီနစ္စတာပါပဲ။
ကြောက်လန့်တကြားဖြစ်နေတဲ့ တစ်ချိန်က သူ့ဇနီးလောင်းရဲ့ မျက်နှာကိုကြည့်ရင်း အီနော့ခ်က ဘာမှမမှုသလို လေသံမျိုးနဲ့ ပြောခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...