Chapter 12 (zawgyi)

1.3K 6 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၂ {သူ့ရဲ့ သိက္ခာ ၂}

စားပွဲရဲ့ထိပ်ဉီးပိုင်းမှာ ခမ်းနားဝင့်ထည်စွာ ထိုင်နေတဲ့ ဧကရာဇ်က မျက်နှာထားကို တည်တည်တင်းတင်းထားရင်း မှူးမတ်တွေကို ကြည့်လိုက်တယ်။ ဧကရာဇ်ရဲ့ ပုံမှန်နဲ့မတူတဲ့ မိတ်ကပ်ထူထူက သူ့ကို အရုပ်တစ်ရုပ်နဲ့ ပိုတူနေစေခဲ့တယ်။
သူက လှပတယ်၊ အာဏာရှိတယ်၊ တွေ့ရခဲတဲ့ မျက်နှာမျိုးပါပဲ။ တစ်ချိန်က သူဟာ နွေဉီးပန်းကလေးတစ်ပွင့်လို ရွှန်းရွှန်းပပ ပြုံးတတ်လေ့ရှိတဲ့ လုံမငယ်လေးဆိုတာကို မှတ်မိတဲ့သူ သိပ်မရှိကြဘူးဆိုပေမဲ့ပေါ့။

“ဘာဖြစ်လို့ အားလုံး ဒီလောက်တိတ်နေကြတာလဲ။”

သူ့အသံက အေးစက်လှတယ်။
စောစောတုန်းက ပြည်သူတွေကြားမှာ အခွန်လျှော့ကောက်ဖို့ ဧကရာဇ် အဆိုပြုလိုက်ချိန်မှာ ညီလာခံခန်းမရဲ့ အနေအထားက အနေခက်စရာ ဖြစ်လာခဲ့တယ်။
ညီလာခံတက်ရောက်သူတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မားကီးစ် ကီလွန်က စကားစလာခဲ့တယ်။

“အရှင်မဘုရား အရင်နှစ်ကနဲ့ ယှဉ်လိုက်ရင် အခွန်ငွေက သိသိသာသာ မြင့်လာခြင်းမရှိပါဘူး။ ပြီးတော့ လာမဲ့နှစ်အတွက် လျာထားလိုက်တဲ့ ဘဏ္ဍာငွေနဲ့ဆိုရင် ရုတ်တရက်ကြီး အခွန်လျှော့ချလိုက်တာက ကျွန်တော်မျိုးတို့ရဲ့ ဘဏ္ဍာငွေအပေါ် ပြင်မရအောင် ထိခိုက်လာနိုင်ပါတယ်။”

“အမှန်ပဲ။ ဒါပေမဲ့ ငါ့ရဲ့ပြည်သူတွေကိုတော့ သုံးနှစ်ဆက်တိုက် ဆင်းရဲချို့တဲ့မှုဒဏ်ကို ခံစားခွင့်မပြုနိုင်ဘူး။ အဲ့ဒီလိုမထင်မိဘူးလား မားကီးစ်။”

မားကီးစ် ကီလွန်က လက်သီးဆုပ်ထားလိုက်တယ်။

“အရှင်မဘုရား…အရှင်မဘုရားက ပြည်သူတွေအပေါ် အလေးထားကြောင်း သိရတာ အတိုင်းမသိ ကြည်နူးပီတိ ဖြစ်မိရပေမဲ့ သိပ်ပြီးတော့လည်း စိုးရိမ်နေစရာ မလိုပါဘူး။ နယ်မြေတစ်ခုစီတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းဖို့ ရှိပြီးသားပါ။”

မားကီးစ်က ပိုပိုကဲကဲ ပြောခဲ့တယ်။ သူ့အသံမှာ စူးရှမှုတစ်မျိုး ပါးပါးလေး စွက်နေခဲ့တယ်။ သူက ဧကရာဇ်အနေနဲ့ သူ့ရဲ့အရေးကိစ္စတွေမှာ အပျော့နည်းနဲ့ ဝင်မစွက်ဖက်သင့်ကြောင်း သွယ်ဝိုက်ပြီး ကလေးဆန်တဲ့နည်းနဲ့ အရိပ်အယောင်ပြလိုက်တာပါ။
တချို့မှူးမတ်တွေရဲ့ နှုတ်ဖျားကနေ ခနဲ့တဲ့တဲ့မထီလေးစားပြုမှုတချို့ ထွက်လာခဲ့တယ်။
ဧကရာဇ်က တစ်ချက်မလှုပ်ခဲ့ပါဘူး။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now