Chapter 55 (Unicode)

782 26 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၅၅

“ဘာစကားပြောလိုက်တယ်။ နင်က နောက်ဆုံးတော့ ယောက်ျားတစ်ယောက်အတွက် ရူးသွားရုံအပြင်မရှိတော့ဘူးလို့ ပြောနေတာလား။”

“တောင်းပန်ပါတယ်။”

“နင့်ကိုယ်နင် မင်းသမီးတစ်ပါးမှန်းရော သိသေးရဲ့လား။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာအတွက်ရော မပူပန်တော့ဘူးလား။”

“တောင်းပန်ပါတယ် အစ်ကိုတော်။ တော်ဝင်မိသားစုဝင် ဘယ်သူမှ ဝင်မပတ်သက်ရအောင် လုပ်ပါ့မယ်….”

“အဲ့ဒီကောင်က နင့်ကို လှည့်ဖျားခဲ့တာလား။ သူ့ကို ချမ်းသာပေးဖို့လေ။”

အာရန်က ခုန်ထလိုက်တယ်။

“မဟုတ်ပါဘူး၊ တကယ်မဟုတ်ပါဘူး။ ကျွန်မက ဆုံးဖြတ်ခဲ့တာပါ။”

“ဧကရာဇ်သာ အခု နင့်စကားကိုကြားရင် အင်မတန် ပျော်နေပါဦးမယ်။ မိဘတွေ ဒီလိုဖြစ်သွားပြီဆိုတော့ အတ္တကြီးတော့မယ်ပေါ့လေ။”

“အစ်ကိုတော်၊ ဘယ်လိုများ အဲ့ဒီလိုစကားကို…”

အံ့ဩတုန်လှုပ်သွားတဲ့ အာရန့်မျက်လုံးလေးတွေ လှုပ်ရှားသွားခဲ့တယ်။ ဒါပေမဲ့ သက်ရောက်မှုက သိသာလှပြီး ခဏနေတော့ အပြစ်မကင်းသလို မျက်နှာထားလေးနဲ့ ခေါင်းကလေး ငုံ့သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ မြန်မြန်ပဲ သတိပြန်ဝင်လာတဲ့ လူအာဇန်က ပိုပြီးတည်ငြိမ်တိုးညင်းတဲ့အသံနဲ့ တစ်ဖန်ထပ်ပြောခဲ့တယ်။

“တောင်းပန်ပါတယ်။ ငါ့စကားတွေ အရမ်းလွန်သွားတယ်။ ဒါပေမဲ့ နင့်ရဲ့ တောင်းဆိုမှုကိုတော့ မဖြည့်ဆည်းပေးနိုင်ဘူး။ ငါတင်မဟုတ်ဘူး ဒီလန်ကလည်း အတူတူပဲ ခံစားရလောက်မှာ။ နောက်ဆုံး စိတ်ပဲထိခိုက်ရပြီး လက်လျှော့သွားရမှာပဲ။ နင့်ကိုအလေးထားတဲ့ အစ်ကိုတစ်ယောက်အနေနဲ့ အဲ့ဒါကို မမြင်ချင်ဘူး။”

သူ့စကားတွေက အမှန်တကယ်ပဲ ညီမဖြစ်သူအပေါ် အလေးထားသယောင်ထင်ရတာကြောင့် အာရန်က ပိုလို့တောင် အပြစ်ရှိသလို ခံစားခဲ့ရတယ်။
လူအာဇန်က ခေါင်းငုံ့ထားတဲ့ အာရန့်ကို ခက်ထန်တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
အချိန်မရှိတော့ဘူးဆိုတာကို သူ သဘောပေါက်နားလည်လိုက်ရတော့တယ်။ ဒီအဖြစ်ကနေ ညီမဖြစ်သူက ထင်ရတာထက်ကို ပိုခေါင်းမာမှန်း ကောင်းကောင်းသိလိုက်ရတယ်။ အခုလောလောဆယ်တော့ ဧကရာဇ်ကို ခုတုံးလုပ်ပြီး တားလို့ရသေးပေမဲ့ ဧကရာဇ် နတ်ရွာစံသွားတဲ့နောက်မှာ အဲ့ဒီလို ဖြစ်နိုင်မှာမဟုတ်တော့ဘူးဆိုတာ သေချာလှတယ်လေ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ နက်ရှိုင်းသထက် နက်ရှိုင်းလာပြီး အမှန်တကယ် စည်းကျော်သွားခဲ့ရင် အခက်တွေ့ရမှာပါ။ လူအာဇန်က ညီမဖြစ်သူကို အတတ်နိုင်ဆုံး ပြီးပြည့်စုံတဲ့ အခြေအနေမျိုးနဲ့ ရောင်းထုတ်ဖို့ ရည်ရွယ်ထားတာလေ။ လူအာဇန်တစ်ယောက် ကိစ္စတွေကို နည်းနည်းအရှေ့တိုးပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံးတော့ အာရန်က အီနော့ခ်ကို လက်ထပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို လက်လျှော့ခဲ့တယ်။ ဒါပေမဲ့ လုံးဝ လက်လျှော့လိုက်တာမဟုတ်ဘဲ လောလောဆယ် ခြေတစ်လှမ်း နောက်ဆုတ်ထားရုံလေးဆိုတာကို အိမ်ရှေ့စံက မသိတာတော့ မဟုတ်ပါဘူး။
အိမ်ရှေ့စံက အာရန့်ပိုင်ဆိုင်မှု တစ်ဝက်ကျော်ကို ကမ်းလှမ်းမှုအဖြစ် ရရှိခြင်းအတွက် အပြန်အလှန်အနေနဲ့ အီနော့ခ်ကို အဆင့်နိမ့် အရိုက်အရာဘွဲ့တစ်ခု ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now