ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၄၈ {ညည်းညည်းညူညူ နာကျင်မှု ၂}
ပြီးတော့ နင် ငါ့ကို ဖြားယောင်းသွေးဆောင်ရင်လည်း ဂရုမစိုက်ပါဘူး…
အီနော့ခ်က အာရန် မရဲတရဲလေး တီးတိုးပြောလိုက်တဲ့စကားကို မကြားချင်ယောင်ဆောင်လိုက်တယ်။ အာရန်ကြည့်ရတာ ဖြားယောင်းတယ်ဆိုတဲ့စကားက ဘယ်လိုအဓိပ္ပာယ်ရှိမှန်း မသိဘူးထင်ပါရဲ့။“…ငါ နေမကောင်းတုန်းကလည်း နင် ငါ့ကို ပြုစုပေးခဲ့ဖူးတယ်မဟုတ်လား။ ဒါပေါ့၊ နင်ကတော့ ခိုးမဝင်ခဲ့ဘူးလေ၊ ဒါပေမဲ့…ငါ…ဒီအတိုင်း နင် ဒီလိုအခြေအနေမှာရှိနေမှန်း သိသိကြီးနဲ့ တစ်ယောက်တည်း မထားခဲ့နိုင်လို့။”
“ကိစ္စမရှိပါဘူး၊ နားလည်ပါပြီ၊ ဒါပေမဲ့ နောက်တစ်ခါ ဒါမျိုးမလုပ်ပါနဲ့။”
အာရန်က အားကြိုးမာန်တက် ခေါင်းညိတ်ခဲ့တယ်။ ပြောချင်တာ ပြောပြီးသွားတဲ့ အီနော့ခ်က သူ့လက်ကို အာရန့်ပခုံးကနေခွာပြီး အသာလေး တွန်းဖယ်လိုက်တယ်။
“အာရုံစိုက်ပြီး ပြုစုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပေမဲ့ နောက်ကျနေပါပြီ။ ပြန်ပါတော့။”
အာရန်က အီနော့ခ်လက်နဲ့ ထိသွားတဲ့ သူ့ပခုံးသူ နှမြောတသသလို မျက်နှာလေးနဲ့ ပွတ်လိုက်တယ်။
“ဒီအတိုင်း နင်စားတာလေးပဲ ကြည့်မယ်။ အာ…ဆွဲခြင်းနဲ့ ပန်းကန်ခွက်ယောက်တွေ ပြန်ယူသွားရမှာမို့လို့ပါနော်။”
အီနော့ခ်ကို နည်းနည်းလောက်လေးပဲဖြစ်ဖြစ် ပိုပြီးတွေ့ရဖို့အရေး အာရန်က ဆင်ခြေတွေပေးခဲ့တယ်။ အီနော့ခ်အိပ်နေတာကို တွေ့တုန်းကလည်း အတူတူပဲဆိုပေမဲ့ သူနိုးလာပြီး စကားတွေဘာတွေ ပြောလိုက်မိတဲ့အခါ အာရန်တစ်ယောက် အီနော့ခ်နဲ့ မခွဲချင်တော့ပါဘူး။
အာခေါင်တွေခြောက်နေပေမဲ့ မင်းသမီးရဲ့ ခေါင်းမာတဲ့ စေခိုင်းချက်ကြောင့် အီနော့ခ်တစ်ယောက် ပေါင်မုန့်ကို မျိုချလိုက်တယ်။ သူ့ကိုယ်သူ အစားစားချင်စိတ်မရှိဘူးလို့ ထင်ထားခဲ့ပေမဲ့ ပါးစပ်ထဲ အစားထည့်လိုက်တဲ့အခါ မရပ်နိုင်တော့ပါဘူး။ စွပ်ပြုတ်အေးအေး၊ ပေါင်မုန့်နဲ့ သစ်သီးတို့ကို အကုန်စားပြီးသွားတဲ့အခါ အာရန်က ဆေးပြားဝိုင်းဝိုင်းနဲ့ သူ အခုတင် ငှဲ့ထားတဲ့ရေကို ပေးခဲ့တယ်။ အီနော့ခ်က အဲ့ဒါကိုလည်း မျိုချလိုက်တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...