ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၅၀
မင်းသမီးပေးတဲ့ဆေးက အစွမ်းထက်လို့ထင်ပါရဲ့။ အီနော့ခ်တစ်ယောက် အိပ်ရာကနေထွက်ပြီး ထူထူထောင်ထောင် ရှိလာခဲ့တယ်။ ပြီးတော့ ဘယ်လောက်မှမကြာခင်မှာ မင်းသမီးရဲ့နန်းဆောင်ဆီ ရွှေ့ပြောင်းခံခဲ့ရတယ်။
အချိန်အခါမရွေး အခေါ်ပါးမဲ့ပုံပါပဲ။
ဒါပေမဲ့လည်း အထိုးအနှက်ခံရတာထက်တော့ သာပါသေးတယ်လို့ အီနော့ခ်က သူ့ဟာသူ ဖြေသိမ့်လိုက်တယ်။
ထင်တဲ့အတိုင်း မင်းသမီးက သူ့ကို မကြာမကြာ အခေါ်ပါးပြီး အစားအသောက်တွေကျွေးလိုက်၊ အဝတ်အစားတွေ ဆင်ပေးလိုက်၊ အနားယူခိုင်းလိုက် လုပ်ဖို့ကြိုးစားလေ့ရှိပါတယ်။ အီနော့ခ်က အဲ့ဒါတွေကို တော်ရုံသင့်ရုံ လက်ခံခဲ့ပေမဲ့ မင်းသမီး သူ့ကို တအားကြီး အရူးအမူးမဖြစ်စေရအောင် သတိထားခဲ့တယ်။
အာရန့်အကြင်နာက အသွားနှစ်ဖက်ပါတဲ့ ဓားတစ်လက်ပါ။ မင်းသမီးက သေတဲ့အထိ သူ့အပေါ် ခံစားချက်တွေရှိနေမှန်း ဧကရာဇ် သိသွားခဲ့ရင် သူက အီနော့ခ်ကို သတ်ဖို့အတွက် ဘာမဆိုလုပ်မှာပါ။ အဲ့ဒါကြောင့် အီနော့ခ်က တစ်ခါတလေ မင်းသမီးကို နာကျင်စေမဲ့ စကားတွေပြောဖို့ တွေဝေမနေခဲ့ပါဘူး။ အဲ့ဒီလိုကနေ အာရန်တော့ တစ်နေ့နေ့ အသိတရား ရသွားလိမ့်မယ်လို့ တွေးခဲ့မိတယ်။
ဒါပေမဲ့ ထိပ်ထားသခင် အမိုက်အမဲလေးက စိတ်ကုန်ခြင်းမရှိဘဲ သူ့ကို အကြင်နာတွေ ပေးမြဲပေးဆဲရှိခဲ့တယ်။ ဘယ်တော့မှ မခန်းခြောက်မဲ့ မြစ်တစ်စင်းလိုပါပဲ။ အီနော့ခ်က သူ့ကိုယ်သူတောင် သတိမထားမိဘဲ အဲ့ဒီအကြင်နာတွေမှာ နည်းနည်းချင်းစီ နစ်ဝင်လာပါတော့တယ်။
အချိန်တရွေ့ရွေ့ကုန်လာပြီး အခုဆိုရင် အာရန်တစ်ယောက် သူ့ရဲ့ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲရမဲ့အချိန် ရောက်ရှိလာခဲ့ပါပြီ။ သူက ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူ့ရဲ့ လည်တိုင်နဲ့ ခြေတံလက်တံတွေက သမင်မလေးတစ်ကောင်လို ရှည်လာကြပြီး ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကလည်း နူးညံ့တဲ့ ကောက်ကြောင်းလေးတွေနဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖွံ့ဖြိုးလာခဲ့တယ်။
အီနော့ခ်ကတော့ အာရန့်အပြောင်းအလဲကို အနီးဆုံး မြင်တွေ့ခဲ့ရသူပါပဲ။ မင်းသမီးရဲ့ ဆံနွယ်လေးတွေ လေထဲမှာ တဖျပ်ဖျပ်ဝဲသွားတဲ့အခါပဲဖြစ်ဖြစ်၊ သူ့ရဲ့ မျက်ဝန်းကြည်ကြည်လေးတွေမှာ ဘာမှန်းမသိရတဲ့ အကြောင်းတရား ထင်ဟပ်လာရင်ပဲဖြစ်ဖြစ် အီနော့ခ်တစ်ယောက် ဘာမှန်းမသိရတဲ့ ခံစားချက်ကို တစ်ခါတလေ ခံစားရပါတယ်။
ဒါပေမဲ့ သူက အဲ့ဒီခံစားချက်တွေကို အရေးမပါသလို သဘောထားခဲ့တယ်။ ခန္ဓာကိုယ်ကသာ ထွားလာပေမဲ့ မင်းသမီးက မရင့်မကျက် အမိုက်အမဲလေး ဖြစ်နေဆဲပါ။ လူတွေက သူ့အလှကို ချီးမွမ်းခန်းဖွင့်ကြတာတောင်မှ အီနော့ခ်ကတော့ နှာခေါင်းသာရှုံ့ခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...