ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၈ {အာရန်နဲ့ အီနော့ခ် ၂}
အာရန်က အီနော့ခ်ရဲ့အမိန့်ကို မနာခံချင်နာခံချင်နဲ့ နာခံလိုက်တယ်။ စားဖို့ငြင်းဆန်နေမယ်ဆိုရင် သူရော အစေခံမိန်းကလေးပါ ဒုက္ခတွေ့မှာလေ။ အဲ့ဒါကတော့ သေချာပါတယ်။
အပြင်ပန်းကကြည့်ရင် မဟာနယ်စားမင်းက တည်ငြိမ်ပြီး ခေါင်းအေးအေးနဲ့ စုစုစည်းစည်းရှိတဲ့သူဆိုပေမဲ့ အာရန်ကတော့ သူ့ကို စိတ်မထင်ရင်မထင်သလို အပြောင်းအလဲမြန်တဲ့ အရူးတစ်ယောက်လို့ မြင်ပါတယ်။ သူ့ကို အာရန် ဘယ်တုန်းကမှ ခန့်မှန်းလို့မရခဲ့ပါဘူး။
မနေ့ညက နှစ်ပါးသွားကခဲ့ကြတုန်းကလိုပေါ့…
အာရန်က အတင်းကုန်းရုန်းထလိုက်ပြီး စွပ်ပြုတ်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ပါးစပ်ထဲထည့်လိုက်တယ်။“စာရွက်စာတမ်းတွေကို ဘယ်သူရှင်းသွားတာလဲ။”
အာရန်က မေးလိုက်တယ်။
“မဟာနယ်စားမင်း ယူသွားပါတယ်။”
အစေခံမိန်းကလေးက ပြောခဲ့တယ်။
တော်သေးတာပေါ့။ အီနော့ခ် အတည်ပြုစစ်ဆေးပြီးပြီဆိုရင် ကုန်သွယ်ရေးကိစ္စကို အချိန်မီ ခွင့်ပြုပေးနိုင်လောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ အာရန့်အမြင်နဲ့ သဘောတူလက်ခံမှုကို မေးနေစရာမှမလိုတာပဲ။ တိုင်းပြည်ရေးရာတွေကို အမိန့်ပေး စီမံသူက သူမဟုတ်ဘဲ အီနော့ခ်ပဲလေ။
ထူးထူးဆန်းဆန်း သူ့ရဲ့ အခွင့်အာဏာ ဆုံးရှုံးရမှုအပေါ် အာရန် တစ်စက်ကလေးမှ အမျက်တော်မပွားမိဘူးဆိုပေမဲ့ပေါ့။ ပုန်ကန်မှုမတိုင်ခင် ဟိုးပဝေသဏီကတည်းက သူဟာ ဧကရာဇ်တစ်ပါးရဲ့ အရည်အချင်းမျိုး ရှိသူမဟုတ်မှန်း အာရန် ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့လည်း သူက နိုင်ငံရေးရာနဲ့ တိုင်းပြည်ရေးရာတွေအပေါ် အဲ့ဒါတွေကို ဆက်ပြီးမလုပ်နိုင်တဲ့အချိန်အထိ ဖက်တွယ်ထားမှာပါ။ အလုပ်ထဲနှစ်နေလိုက်တာက သူ့ရဲ့အခြေအနေကို မေ့ထားလိုက်ဖို့ အကူအညီဖြစ်နိုင်တယ်လေ။
တစ်ဇွန်းနှစ်ဇွန်း သောက်ပြီးသွားတော့ အာရန် လက်စသတ်လိုက်ပြီး အစေခံမိန်းကလေးက ပန်းကန်ကို သူ့ဆီကနေ ဖယ်လိုက်တယ်။ ဆေးသောက်ဖို့ အချိန်တန်ပါပြီ။
ဆေးခါးခါးကို မျိုချပြီးတဲ့နောက်မှာ သူ့လျှာက ထုံသွားခဲ့ပေမဲ့ အနည်းဆုံးတော့ သူ့မှာ မတ်တတ်ရပ်ဖို့ အားအင်အနည်းငယ် ကျန်နေပါသေးတယ်။
အစေခံမိန်းကလေးက သူ့အဝတ်အစားတွေကို လဲပေးခဲ့တယ်။ စေးကပ်ကပ်ချွေးစေးတွေကြောင့် အာရန် ကိုယ်လက်သန့်စင်ချင်မိပေမဲ့ လုပ်လို့မဖြစ်ခဲ့ပါဘူး။ အဖျားကြောင့် တစ်ကိုယ်လုံး ထုရိုက်ခံထားရသလိုပဲလေ။
အာရန်က ထိုင်ခုံမှာထိုင်ပြီး စာအုပ်တစ်အုပ်ကို ဖွင့်လိုက်တယ်။ သူ့အချိန်ဇယားက အနှောင့်ယှက်ခံလိုက်ရပြီဆိုတော့ စာလေ့လာတာက အကောင်းဆုံးပါပဲ။ ငယ်ရွယ်စဉ်မှာ နိုင်ငံရေးကို စိတ်မဝင်စားခဲ့၊ မပါဝင်ချင်ခဲ့မိတဲ့အတွက် ဧကရာဇ်တစ်ပါးရဲ့ ဖြစ်တည်မှုအကြောင်း ဘာဆိုဘာမှမသိခဲ့ပါဘူး။
ထိုင်ခုံပေါ်မှာထိုင်နေရင်း သူ့ရဲ့လျှို့ဝှက်အပ်တဲ့နေရာလေးထဲကို နာကျင်မှုက ဖြတ်သန်းဝင်ရောက်လာခဲ့တယ်။ အာရန်က သူ့ရဲ့ မသက်မသာဖြစ်မှုကို ဖုံးဖိရင်း စာရွက်လှန်လိုက်တယ်။
သူ့ခန္ဓာကိုယ် တုန်ယင်နေတာကို သတိထားမိသွားတဲ့ အစေခံမိန်းကလေးက သူ့ပခုံးပေါ်ကို စောင်ထူထူတစ်ထည် လာခြုံပေးခဲ့ပြီး ပြောခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...