Chapter 42 (zawgyi)

441 1 0
                                    


ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၂ {အခက်အခဲ ၂}

မောကြီးပန်းကြီး အသက်ရှူရင်း သူက အီနော့ခ်ရဲ့မျက်နှာပေါ်ကို တံတွေးထွေးလိုက်ပြီး ပြန်သွားခဲ့တယ်။
အီနော့ခ်က နာကျင်မှုကိုသည်းခံပြီး ထရပ်လိုက်တယ်။ ဟီးဟီးဟားဟား ရယ်သံတွေက တစ်နေရာကနေ တစ်နေရာဆီကူးပြီး သူ့ဘေးပတ်လည်မှာ ပျံ့နှံ့သွားတော့တယ်။
သူက လူတကာထက်ပိုပြီး မာနရှိတဲ့သူပါ။ ဒေါသမထွက်ပါဘူးလို့ပြောရင် လိမ်ရာကျမယ်ဆိုပေမဲ့ သူ့ရဲ့ခံစားချက်ကို သူတို့တွေဆီ မပြချင်ခဲ့ပါဘူး။ သူက သူ့တံတွေးသူ တည်တည်ငြိမ်ငြိမ်သုတ်၊ အဝတ်အစားတွေကို ဖုန်ခါ၊ ကျောပြင်နဲ့ခါးကိုမတ်ပြီး ဆောင်ရွက်ရမဲ့ တာဝန်တွေရှိရာဆီ လျှောက်သွားခဲ့တယ်။

****

အံ့ဩတုန်လှုပ်မှုက တအားပြင်းသွားလို့ပဲဖြစ်လေမလား၊ အတန်ကြာတဲ့အထိ အာရန်က သူ့ကို လာမရှာခဲ့ပါဘူး။ အဲ့ဒါက ကောင်းပါတယ်။ မင်းသမီးရှေ့တော်မှောက်ကို အခေါ်တော်ပါးခံရပြီး သနားစာနာမှုအတိလွှမ်းတဲ့ မင်းသမီးရဲ့မျက်လုံးတွေနဲ့ ဆုံရတာထက်စာရင် မင်းသမီးရဲ့ သူ့အပေါ် တန်းနေတဲ့ သံယောဇဉ်အမျှင် ပြတ်သွားပြီဆိုပြီး လှောင်ပြောင်ပြက်ရယ်စကားတွေကို ကြားရတာကမှ ပိုကောင်းပါသေးတယ်။ ရောင်ကိုင်းနေတဲ့ သူ့ရဲ့ပါးတွေကို မင်းသမီးရှေ့မှာ မပြချင်ပေမဲ့ မင်းသမီးရဲ့တိတ်ဆိတ်မှု တာရှည်လာချိန်မှာ ထူးဆန်းတဲ့အတွေးတို့က နည်းနည်းချင်းစီ တိုးဝင်လာတော့တယ်။
သူ့ကို နှစ်သက်လှပါချည်ရဲ့ဆိုပြီး အတင်းတွယ်ကပ်တတ်ပေမဲ့ မင်းသမီးရဲ့အချစ်က ဒီအတိုင်းအတာအထိပဲထင်ပါရဲ့။
အီနော့ခ်က သူ ကျွန်တစ်ယောက် ဖြစ်သွားချင်ဖြစ်သွားနိုင်လောက်တယ်ဆိုပြီး တွေးလိုက်မိတယ်။ ဒီလိုဖြစ်မယ်မှန်းသာသိရင် နည်းနည်းလောက်ပိုပြီး နာနာခံခံလေး နေခဲ့ပါရဲ့။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် စေ့စပ်ကတည်းက အဲ့ဒီလို လုပ်ခဲ့တာပဲလေ။
ရက်အနည်းငယ်ကြာပြီးလို့ သူ့ပါးပြင်ကဒဏ်ရာ ပျောက်သွားလုရှိချိန်မှာ မင်းသမီးက အီနော့ခ်ကို စွန့်ပစ်လိုက်ပါပြီဆိုတဲ့ သတင်းတွေက အမှန်တရားလိုကို ဖြစ်လာခဲ့တော့တယ်။ အပျော်ဆုံးဖြစ်နေသူကတော့ ဂျိမ်းစ်ပေါ့။ နေ့လယ်စာစားချိန်မှာ ဂျိမ်းစ်နဲ့ သူ့လူစုက အီနော့ခ်ကို ထမင်းစားခန်းမထဲမဝင်နိုင်အောင် တားခဲ့ကြတယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now